News

POST TYPE

SPORTS

ရိုင်နီရာ ဂျီဆုကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် စီစဉ်၊ တိုနီခရူးစ်ကို မန်ယူထံသို့ ရောင်းထုတ်ပေးရန် စီစဉ်ထား
23-Mar-2019


မက်ဒရစ်၊ မတ် ၂၃

စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် ဘရာဇီးလူငယ်ကြယ်ပွင့်ကစားသမား ရိုင်နီရာ ဂျီဆုကို စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူရန် စီစဉ်လိုက်ပြီဖြစ်ပြီး ဘရာဇီးကလပ် ဖလာမင်ဂိုကိုကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းနေသော ဂျီဆု၏အသက်မှာ ၁၇ နှစ်အရွယ်သာရှိသေးကြောင်း Daily Star က ဖော်ပြထားသည်။

လီဗာပူးအသင်းသည် အတိတ်ကာလက ဂျီဆုကို ခေါ်ယူရန်အတွက် ကင်းထောက်များ စေလွှတ်ကာ စောင့်ကြည့်ခဲ့ဖူးပြီး လက်ရှိတွင် ရီးရဲလ်မက်ဒရစ်က အခြားသောပြိုင်ဘက်များကိုကျော်ဖြတ်၍ လက်ဦးမှုရယူနိုင်ရန် လွန်စွာ အခွင့်အလမ်းကောင်းမွန်သွားခဲ့ပြီလည်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် အသင်းကို လူငယ်သွေးသစ်များဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းလိုခြင်းကြောင့် ဂျီဆုကို ၎င်းတို့ခေါ်ယူလိုသည့် ပစ်မှတ်ကစားသမားစာရင်းတွင် ထိပ်ဆုံးနေရာက ထည့်သွင်းထားခြင်းဖြစ်ပြီး ဂျီဆုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၆၀ ဒသမ ၅ သန်း အသုံးပြုရန် ရီးရဲလ်မက်ဒရစ်က ရည်ရွယ်လျက်ရှိသည်။

ရီးရဲလ်မက်ဒရစ်သည် အသင်းကွင်းလယ်လူ တိုနီခရူးစ်ကို ပြန်လည်ရောင်းထုတ်ရန်လည်း စီစဉ်နေပြီဖြစ်ပြီး တိုနီခရူးစ်ကိုယ်တိုင်ကလည်း လက်ရှိဘောလုံးရာသီတွင်  ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရသည့်အတွက် ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာကာ အသင်းပြောင်းရန် စိတ်ကူးရှိနေပြီဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ တိုနီခရူးစ်နှင့် ရီးရဲလ်မက်ဒရစ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် ၂၀၂၁-၂၀၂၂ ခုနှစ်တိုင်သည်အထိ သက်တမ်းရှိနေဆဲဖြစ်ပြီး အကယ်၍ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ ၀န်းကျင်ဖြင့်ခေါ်ယူနိုင်မည်ဆိုပါက မန်ယူမှာ တိုနီခရူးစ်ကိုခေါ်ယူရန် စီစဉ်သွားဖွယ်ရှိနေသည်။
မန်ယူသည် နည်းပြဒေးဗစ်မိုယက်စ်လက်ထက်ကတည်းကပင် တိုနီခရူးစ်ကို ခေါ်ယူလိုခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ရန် အပြီးသတ်သဘောတူညီခဲ့ပြီးသည့်နောက်တွင်မှ ရီးရဲလ်မက်ဒရစ်က တိုနီခရူးစ်ကို ကြားဖြတ်ခေါ်ယူသွားခဲ့ခြင်းဖြစ်သည်။

တိုနီခရူးစ်သည် လက်ရှိဘောလုံးရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် ပွဲစဉ်ပေါင်း ၂၁ ပွဲ ပါဝင်ကစားပေးခွင့်ရရှိခဲ့ရာ၌ သွင်းဂိုး လုံးဝရယူနိုင်ခြင်း မရှိခဲ့သေးဘဲ ဂိုးဖန်တီးမှုသုံးကြိမ်သာ ဆောင်ရွက်ပေးနိုင်ခဲ့သေးသည်။