News

POST TYPE

SPORTS

နည်းပြ မာချင်ကို ဆီဗီလာ ရာထူးထုတ်ပယ်၊ မွန်ချီကို အားကစားဒါရိုက်တာရာထူးဖြင့် ပြန်ခေါ်ရန် ဆွေးနွေး
16-Mar-2019

ဆီဗီးလ်၊ မတ် ၁၆

စပိန်လာလီဂါကလပ် ဆီဗီလာအသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲမှနေ၍ ရှုံးနိမ့်ထွက်ခွာလိုက်ရအပြီးတွင် နည်းပြ မာချင်ကို ရာထူးထုတ်ပယ်လိုက်ပြီး ၎င်းတို့အနေနှင့် အသင်းအတွက် နည်းပြသစ်ခန့်အက်မှုကို လက်ရှိဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှ ဆောင်ရွက်သွားတော့မည်ဟု ဆီဗီလာအသင်း ဒါရိုက်တာဘုတ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားကြောင်း Channel News Asia က ဖော်ပြထားသည်။

ဆီဗီလာအသင်းတာဝန်ရှိသူများသည် လက်ရှိတွင် အသင်းဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသော ဂျိုအာကွင်း ကာပါရော့စ်ကို ဘောလုံးရာသီပြီးဆုံးချိန်ထိတိုင် ယာယီနည်းပြအဖြစ် တာဝန်ပေးလိုက်ပြီဖြစ်ပြီး ဆီဗီလာမှာ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ချက်ကလပ် ဆလားဗီးယားပရာဟာကို အချိန်ပိုရောက်ရှိသည်ထိတိုင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီးသည့်နောက်တွင်မှ အရေးနိမ့်ကာ ပြိုင်ပွဲမှနေ၍ ထွက်သွားခဲ့ရခြင်းဖြစ်သည်။

မာချင်သည် ယမန်နှစ်ဘောလုံးရာသီ၌ ဂျီရိုနာအသင်းနှင့်အတူ စွမ်းဆောင်ရည်ကောင်းများကို ထုတ်ဖော်ပြသနိုင်ခဲ့သည့်အတွက် လက်ရှိ ၂၀၁၈-၁၉ ဘောလုံးရာသီ စတင်ချိန်တွင် ၎င်းကို ဆီဗီလာက အသင်းနည်းပြအဖြစ် ခေါ်ယူခန့်အပ်လိုက်ခြင်းဖြစ်ပြီး ကုန်ဆုံးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းတွင် ဆီဗီလာမှာ မာချင်၏ဦးဆောင်မှုအောက်၌ ရလဒ်ကောင်းများ ဆက်တိုက်ရယူနိုင်ခဲ့သော်လည်း လက်ရှိ ၂၀၁၉ ခုနှစ်အတွင်းတွင်မူ စွမ်းဆောင်ရည်များ ဆက်တိုက်ကျဆင်းသွားခဲ့ခြင်းကြောင့် ၎င်းကို ရာထူးထုတ်ပယ်ရန် ဆီဗီလာအသင်းဒါရိုက်တာဘုတ်အဖွဲ့က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဆီဗီလာအသင်းတာဝန်ရှိသူများသည် အီတလီစီးရီးအေကလပ် ရိုးမားအသင်းနှင့်လမ်းခွဲလိုက်ပြီဖြစ်သော အသင်းအားကစားဒါရိုက်တာဟောင်း မွန်ချီကို ယင်းရာထူးဖြင့်ပင် အသင်းထံသို့ ပြန်လည်ခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး ယခုကဲ့သို့ ဆီဗီလာက ကြားင်လာခြင်းကြောင့် မွန်ချီကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသော အာဆင်နယ်အတွက် အခက်အခဲများရှိလာခဲ့ရပြီလည်းဖြစ်သည်။

မွန်ချီသည် ဆီဗီလာအတွက် အားကစားဒါရိုက်တာအဖြစ် ၁၇ နှစ်ကြာ တာဝန်ထမ်းဆောင်ပေးခဲ့ပြီးသည့်နောက်တွင်မှ စီးရီးအေကလပ် ရိုးမားထံသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပြီး အားကစားဒါရိုက်တာအဖြစ် မွန်ချီရှိနေခဲ့သည့် ၁၇ နှစ်အတွင်း ဆီဗီလာမှာ ယူအီးအက်ဖ်အေနှင့် ယူရိုပါလိဂ်ဖလား ငါးလုံးအပါအဝင် ဆုဖလားစုစုပေါင်း ၁၁ လုံးအထိ ရယူနိုင်ခဲ့ဖူးသည်။

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ရှော်ကေးအသင်းသည်လည်း မန်စီးတီးကို နှစ်ကျော့ပေါင်းရလဒ် ၁၀ ဂိုး ၂ ဂိုးဖြင့် အရေးနိမ့်ကာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှနေ၍ ရှုံးနိမ့်ထွက်ခွာလိုက်ရအပြီးတွင် နည်းပြ တာဒက်စ်ကိုကို ရာထူးထုတ်ပယ်ပစ်လိုက်ပြီး လက်ရှိတွင်မူ ရှော်ကေးအသင်းကို ဟတ်ဘ်စတီဗင်းစ်က ယာယီနည်းပြအဖြစ် ဦးဆောင်လျက်ရှိသည်။



  • VIA