News

POST TYPE

SPORTS

ဆိုးလ်ရှားနှင့် အက်ဒ်ဝုဒ်ဝါးဒ်တို့ သုံးနာရီကြာ တွေ့ဆုံ၊ အမြဲတမ်းနည်းပြအဖြစ် တာဝန်ပေးလိုက်ပြီဟု သတင်းထွက်
17-Feb-2019


မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၇

မန်ယူယာယီနည်းပြ ဆိုးလ်ရှားနှင့် အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်တို့သည် ချက်စ်ရှိုင်းယားဒေသရှိ စီဘိုအမည်ရ အီတလီရိုးရာစားသောက်ဆိုင်တွင် သုံးနာရီကြာ တွေ့ဆုံစကားပြောဆိုခဲ့ကြောင်း The Sun က သတင်းထုတ်ဖော်ရေးသားလိုက်ပြီး ယင်းသို့တွေ့ဆုံရာတွင် အက်ဒ်ဝုဒ်ဝါးဒ်က ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် တာဝန်ပေးသည့်အကြောင်းကို လျှို့ဝှက်အသိပေးလိုက်ကြောင်း ဗြိတိန်အားကစားသတင်းမီဒီယာများက အခိုင်အမာရေးသားနေကြပြီဖြစ်သည်။

အက်ဒ်ဝုဒ်ဝါးဒ်သည် ဆိုးလ်ရှားနှင့် လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ ဗြိတိန်စံတော်ချိန် ည ခုနစ်ရီခွဲခန့်တွင် စီဘိုစားသောက်ဆိုင်၌ ညစာအတူစားခဲ့ပြီး ဆိုးလ်ရှားမှာ မန်ယူအသင်းကကျင်းပခဲ့သည့် မြူးနစ်လေယာဉ်ပျက်ကျမှုဖြစ်ရပ်ဆိုး အောက်မေ့တသအခမ်းအနားကို တက်ရောက်ခဲ့အပြီးတွင် စီဘိုစားသောက်ဆိုင်သို့ သွားရောက်၍ အက်ဒ်ဝုဒ်ဝါးဒ်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

စားသောက်ဆိုင်အတွင်းတွင် ၎င်းတို့နှစ်ဦးနှင့်အတူ ရှိနေခဲ့သူများ၏ပြောကြားချက်များအရ အက်ဒ်ဝုဒ်ဝါးဒ်မှာ ညစာစားအပြီးတွင် ဆိုးလ်ရှားကို လက်ဆွဲနှုတ်ဆက်၍ “ဒီမှာ ကာလရှည်ရှည်ကြာကြာနေပြီး အောင်မြင်တဲ့ဆက်ဆံရေးတစ်ခုကို အတူတူ တည်ထောင်ကြရအောင်”ဟု ဖွင့်ဟအသိပေးခဲ့ကြောင်း သိရှိရပြီး ပီအက်စ်ဂျီနှင့်ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် အရှုံးရလဒ်ကြုံခဲ့ရသော်လည်း အသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် ဒါရိုက်တာဘုတ်အဖွဲ့ကမူ ဆိုးလ်ရှားလက်ထက်တွင် မန်ယူ၏ကစားပုံ တိုးတက်ကောင်းမွန်လာခြင်းကြောင့် ၎င်းကိုသာ အမြဲတမ်းနည်းပြခန့်သင့်ကြောင်း ထောက်ခံနေကြဆဲဖြစ်သည်။

မန်ယူအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်သည် အမြဲတမ်းနည်းပြခန့်အပ်သည့်ကြေညာချက်ကို ဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှသာ အတည်ပြုထုတ်ပြန်ပေးသွားလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် အက်ဒ်ဝုဒ်ဝါးဒ်နှင့် ဆိုးလ်ရှားအကြား၌ နွေဈေးကွက်၌ မည်သည့်ကစားသမားများကို ခေါ်ယူမည်ဆိုခြင်းကိုပင် ဆွေးနွေးနေပြီဖြစ်သည်။