News

POST TYPE

SPORTS

ပြင်သစ်လီဂူးပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံး အိမ်ကွင်းနိုင်ပွဲကို ပီအက်စ်ဂျီ ပိုင်ဆိုင်ရရှိ
20-Jan-2019

ပဲရစ်၊ ဇန်နဝါရီ ၂၀

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် ဂူအင်ဂမ့်ကို ကိုးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သောပွဲစဉ်အပြီးတွင် အသင်းသမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးသော အမှတ်ပေးပြိုင်ပွဲ အိမ်ကွင်းနိုင်ပွဲကို ပိုင်ဆိုင်ရရှိသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ပီအက်စ်ဂျီသည် လွန်ခဲ့သည့် ၁၀ ရက်က ပြင်သစ်လိဂ်ဖလားပြိုင်ပွဲတွင် ဂူအင်ဂမ့်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်လိုက်ရပြီး ယင်းရှုံးကြွေးကို ယခုကဲ့သို့ စံချိန်တင် ဂိုးပြတ်နိုင်ပွဲနှင့်အတူ ချက်ချင်းပင် ပြန်လည်ပေးဆပ်လိုက်နိုင်သည့်အတွက် လွန်စွာကျေနပ်မိကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေက ပြောကြားသွားခဲ့သည်။

အမ်ဘတ်ပေနှင့် ကာဗာနီတို့သည် ပီအက်စ်ဂျီက ဂူအင်ဂမ့်ကို ကိုးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပြင်သစ်လီဂူးပွဲစဉ်၌ တစ်ဦးလျှင် သုံးဂိုးစီသွင်း၍ ဟက်ထရစ်များ ကိုယ်စီကိုယ်ငှ ရယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီအတွက် ကျန်သွင်းဂိုးသုံးဂိုးကို နေမာက နှစ်ဂိုး၊ မူနီယာက တစ်ဂိုး သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။

ပီအက်စ်ဂျီသည် ပြင်သစ်လိဂ်ဖလားပြိုင်ပွဲတွင်မူ ယခုထက်ပိုမိုကြီးမားသည့် ဂိုးပြတ်နိုင်ပွဲကို ပိုင်ဆိုင်ရရှိခဲ့ဖူးပြီး ယင်းနိုင်ပွဲမှာ ၁၉၉၄ ခုနှစ်က ကော်ဒီချူးဒေးအသင်းကို ဆယ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းပင်ဖြစ်သည်။

ဂူအင်ဂမ့်ဘက်သို့ ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် အမ်ဘတ်ပေသည် လက်ရှိတွင် အမှတ်ပေးသွင်းဂိုး ၁၇ ဂိုး ရယူနိုင်ခြင်းနှင့်အတူ ပြင်သစ်လီဂူးပြိုင်ပွဲ၏ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားစာရင်းကို ထိပ်ဆုံးနေရာမှနေ၍ ဦးဆောင်ထားပြီး ၎င်းကို လာမည့်နွေဈေးကွက်တွင် ခေါ်ယူနိုင်ရန် ရီးရဲလ်မက်ဒရစ်အပါအဝင် ဥရောပထိပ်သီးကလပ်များစွာက စောင့်ကြည့်နေကြပြီလည်းဖြစ်သည်။



  • VIA