News

POST TYPE

SPORTS

မန်ယူနည်းပြရာထူးမှနေ၍ ထုတ်ပယ်ခံရအပြီးတွင် အလုပ်ကမ်းလှမ်းမှုသုံးခုအထိ လက်ခံရရှိခဲ့ပြီးပြီဖြစ်ကြောင်း မော်ရင်ညို အသိပေး
20-Jan-2019


မန်ချက်စတာ၊ ဇန်နဝါရီ ၂၀

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် မန်ယူနည်းပြရာထူးမှနေ၍ ထုတ်ပယ်ခံခဲ့ရအပြီးတွင် အလုပ်ကမ်းလှမ်းမှု သုံးခုအထိ လက်ခံရရှိခဲ့ပြီးပြီဖြစ်ကြောင်း ထုတ်ဖော်အသိပေးလိုက်ပြီး ယင်းကမ်းလှမ်းမှုသုံးခုလုံးကို လက်မခံဘဲ ငြင်းဆန်ပယ်ချပစ်ခဲ့သည်ဟုလည်း မော်ရင်ညိုက ရှင်းပြသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မော်ရင်ညိုသည် ယင်းကမ်းလှမ်းမှုသုံးခုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော အခြားအလုပ်သစ်တစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားထားပြီး လုပ်ငန်းခွင်သစ်တစ်ခုသို့ အလျင်အမြန် ၀င်ရောက်သည့်အမူအကျင့်မျိုး ၎င်းထံတွင်မရှိဟုလည်း မော်ရင်ညိုက မှတ်ချက်ပေးသွားခဲ့သေးသည်။

ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်၊ အေစီမီလန်နှင့် ဘိုင်ယန်မြူးနစ်တို့သည် ၎င်းတို့၏နည်းပြသစ်လျာထားစာရင်းတွင် မော်ရင်ညိုကို ထည့်သွင်းထားပြီး ၎င်းနောက်ထပ်လက်ခံမည့် အလုပ်သစ်မှာလည်း စိန်ခေါ်မှုပြင်းထန်သည့် အလုပ်မျိုးသာဖြစ်ကြောင်း မော်ရင်ညိုက မှတ်ချက်ပေးထားသည်။

beIN SPORTS အားကစားရုပ်သံလိုင်းနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “မန်ယူနဲ့လမ်းခွဲလိုက်အပြီးမှာ ကျွန်တော့်ဆီကို ကမ်းလှမ်းမှုသုံးခု ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အားလုံးကို ကျွန်တော် ငြင်းပယ်လိုက်ပါတယ်။ ကျွန်တော်နဲ့ ကိုက်ညီနိုင်လောက်တဲ့အလုပ်မျိုးမဟုတ်ဘူးလို့ ယူဆမိတာကြောင့်ပါပဲ။ အလုပ်တစ်ခုကနေ ထွက်လိုက်ပြီးရင် နောက်အလုပ်တစ်ခုအတွက် ကျွန်တော် စနစ်တကျ ပြင်ဆင်လေ့ရှိပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကဆိုရင် အင်တာမီလန်နည်းပြရာထူးအတွက် ကျွန်တော် လေးလလောက် အချိန်ယူပြင်ဆင်ခဲ့တာပါ။ နံပါတ်တစ်အချက်ကတော့ ဘာသာစကားသင်ယူမှုကို စတင်ဆောင်ရွက်ရပါတယ်။ နောက်ပြီး ကိုယ်တာဝန်ယူမယ့်အသင်းအကြောင်း၊ လိဂ်အခြေအနေနဲ့ ပြိုင်ဘက်တွေအကြောင်းကို လေ့လာရပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်ဟာ အလုပ်လက်မဲ့ပါ။ ဒါပေမဲ့ နောက်ထပ်အလုပ်သစ်တစ်ခုအတွက် ကျွန်တော် ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါပြီ”ဟု ပြောကြားသွားခဲ့သည်။