News

POST TYPE

SPORTS

ဂျော်ဒန်နှင့် သြစတြေးလျတို့ နောက်တစ်ဆင့်တက်
16-Jan-2019


အဘူဒါဘီ၊ ဇန်နဝါရီ ၁၆

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ၂၀၁၉ ခုနှစ် အာရှဖလားပြိုင်ပွဲ၏အုပ်စု(ခ)၏အုပ်စုနောက်ဆုံးပွဲစဉ်များတွင် သြစတြေးလျက ဆီးရီးယားကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရသွားခဲ့ပြီး ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ ဂိုးမရှိသရေကျသွားခဲ့ကြောင်း AFC က ဖော်ပြထားသည်။

သြစတြေးလျနှင့် ဆီးရီးယားတို့၏ပွဲစဉ်သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဂိုးများသွင်းကာ ဘောလုံးရသအပြည့်အ၀ပေးအပ်ခဲ့ပြီး သြစတြေးလျမှာ ပွဲပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် တွမ်ရိုဂျစ်၏သွင်းဂိုးဖြင့် ဆီးရီးယားကို အနိုင်ယူကျော်ဖြတ်ကာ နောက်တစ်ဆင့်သို့ တက်လှမ်းရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

ပါလက်စတိုင်းနှင့် ဂျော်ဒန်တို့၏ပွဲစဉ်တွင် ပါလက်စတိုင်းက အနိုင်ရလဒ်ရယူနိုင်ရန် တိုက်စစ်အားပြု၍ကစားခဲ့သော်လည်း အဆုံးသတ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိခဲ့ပြီး သရေတစ်မှတ်ရရှိရုံဖြင့် အုပ်စုဗိုလ်နေရာကို ရယူခွင့်ရှိနေသော ဂျော်ဒန်ကမူ ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ပွဲထိန်းကစားနိုင်ရန်သာ အားထုတ်သွားကြောင်း မြင်တွေ့ခဲ့ကြရသည်။

အုပ်စု(ခ)ပွဲစဉ်များအပြီးတွင် ဂျော်ဒန်က အုပ်စုပထမ၊ သြစတြေးလျက အုပ်စုဒုတိယဖြင့် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီး ရမှတ်နှစ်မှတ်သာ ရရှိ၍ အုပ်စုတတိယဖြစ်သွားခဲ့သော ပါလက်စတိုင်းကမူ အကောင်းဆုံးအုပ်စုတတိယစာရင်းဝင်အသင်းအဖြစ် နောက်တစ်ဆင့်တက်ခွင့်ရရန်သာ မျှော်လင့်ရတော့မည်ဖြစ်သည်။