POST TYPE

SPORTS

အမှတ်ပေးချန်ပီယံဖြစ်ခွင့်နှင့် ၂၉ နှစ်ကြာ ဝေးကွားနေခြင်းကို အဆုံးသတ်ပြမည်ဟု မာနေး ကြုံးဝါး၊ ဒဏ်ရာပြဿနာကြောင့် အလက်ဇန္ဒားအာနိုးလ် တစ်လ နားရမည်
16-Jan-2019


လီဗာပူး၊ ဇန်နဝါရီ ၁၆

လီဗာပူးတိုက်စစ်တောင်ပံကစားသမား မာနေးသည် အမှတ်ပေးချန်ပီယံဖြစ်ခွင့် ၂၉ နှစ်ကြာ ဝေးကွားခဲ့ရခြင်းကို ယခုနှစ်ဘောလုံးရာသီတွင် အဆုံးသတ်ပြရန် ၎င်းတို့အနေနှင့် အသင့်ရှိနေပြီဟု ထုတ်ဖော်ပြောကြားလိုက်ပြီး မန်စီးတီးက ၎င်းတို့ကို အဆက်မပြတ် ဖိအားပေးနေသော်လည်း ကြောက်ရွံ့တုန်လှုပ်ရန် အကြောင်းမရှိဟု မာနေးက ဆက်လက် အသိပေးသွားခဲ့သေးကြောင်းလည်း Mail Online က ဖော်ပြထားသည်။

လီဗာပူးသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးနေရာမှနေ၍ ဦးဆောင်နေသော်လည်း ဒုတိယနေရာတွင် ရပ်တည်နေသော မန်စီးတီးကို လေးမှတ်သာဖြတ်ထားနိုင်ပြီး အတိတ်ကာလက အမှားမျိုးကို လီဗာပူးကစားသမားများအနေနှင့် ထပ်မံကျူးလွန်ရန် အကြောင်းမရှိတော့သည့်အတွက် ယခုတစ်ကြိမ်တွင်မူ အမှတ်ပေးချန်ပီယံဆုကို လီဗာပူး ရယူနိုင်ရန် လွန်စွာနီးစပ်မှုရှိသည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း မာနေးက မှတ်ချက်ပေးသွားခဲ့သေးသည်။

လီဗာပူးသည် ၂၀၁၄ ခုနှစ်တွင် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်ခွင့်ရရန် လွန်စွာနီးစပ်ခဲ့ဖူးပြီး ရာသီပိတ်သိမ်းခါနီးသို့ရောက်မှ ၎င်းတို့၏ခြေချော်မှုကြောင့် မန်စီးတီး၏ကျော်တက်ခြင်းကိုခံရကာ ချန်ပီယံဆုဖလားနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မာနေးက “ကျွန်တော်တို့အသင်းမှာ စိတ်အားထက်သန်တဲ့ ကစားသမားအစုအဖွဲ့တစ်ခုရှိလို့နေပါပြီ။ လေ့ကျင့်ကွင်းကိုရောက်တဲ့အချိန်တိုင်းမှာ ကျွန်တော်တို့ စဉ်းစားကြတာက ဒီတစ်ပတ်ပွဲစဉ်ကို အနိုင်ကစားကြမယ်ဆိုတာပါပဲ။ ဒီတစ်ကြိမ်က ကျွန်တော်တို့ရဲ့အလှည့်ပဲ ဖြစ်ရပါတော့မယ်။ လက်ရှိမှာ အင်္ဂလိပ်ဘောလုံးလောကရဲ့အကောင်းဆုံးအသင်းက လီဗာပူးပါပဲ”ဟု ပြောကြားသွားခဲ့သည်။

လီဗာပူးနောက်ခံလူ အလက်ဇန္ဒားအာနိုးလ်သည် လီဗာပူးက ဘရိုက်တန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိသွားခဲ့ပြီး ဒဏ်ရာအခြေအနေ အနည်းငယ်ပြင်းထန်သည့်အတွက် အလက်ဇန္ဒားအာနိုးလ်ကို အနိမ့်ဆုံးအဖြစ် တစ်လကြာ အနားပေးရတော့မည်ဖြစ်ကြောင်း လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က အသိပေးသွားခဲ့သည်။

နည်းပြ ဂျာဂင်ကလော့ပ်သည် ရှေ့လာမည့်ပွဲစဉ်များတွင် အလက်ဇန္ဒားအာနိုးလ်၏နေရာ၌ ဂျိမ်းစ်မီးလ်နာနှင့် ဖာဘင်ညိုတို့အနက်မှ တစ်ဦးကို ထည့်သွင်းအသုံးပြုရန် စီစဉ်လျက်ရှိသည်။