News

POST TYPE

SPORTS

အသင်းတွင်းရှိ သူလျှိုကို မော်ရင်ညို အပူတပြင်း ရှာဖွေ၊ မန်ယူအားကစားဒါရိုက်တာရာထူးအတွက် အီဗရာ သတင်းထွက်
22-Oct-2018


မန်ချက်စတာ၊ အောက်တိုဘာ ၂၂

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းတွင်း၌ သူလျှိုရှိနေသည်ဟု ယူဆကာ အပူတပြင်း ရှာဖွေနေပြီဖြစ်ပြီး ယင်းသူလျှိုကို ရှာဖွေတွေ့ရှိပါက ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူမည်ဟုလည်း မော်ရင်ညိုက ကြိမ်းဝါးထားကြောင်း Sportmail က ဖော်ပြထားသည်။

ချယ်လ်ဆီးနှင့် မန်ယူတို့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီတွင် မန်ယူအသင်း ပွဲထွက်ကစားသမား ၁၁ ဦးနှင့် ကစားကွက်နည်းဗျူဟာများမှာ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများထက်တွင် ပေါက်ကြားမှုဖြစ်ခဲ့ပြီး ၀က်စ်ဟမ်းက မန်ယူကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီလည်း ယခုကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်ပေါ်ခဲ့ဖူးသည့်အတွက် အသင်းတွင်း၌ သူလျှိုရှိနေပြီဟု မော်ရင်ညိုက အခိုင်အမာ ယူဆလိုက်ခြင်းဖြစ်သည်။

မော်ရင်ညိုသည် အသင်းပွဲထွက်လူစာရင်းနှင့် ပွဲကစားမည့်နည်းစနစ်များကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများထက်သို့ လွှင့်တင်နေသော အသင်းတွင်းသူလျှိုမှာ လေ့ကျင့်ရေးကွင်းနှင့် ဆက်နွှယ်မှုရှိသူသာဖြစ်ရမည်ဟု အခိုင်အမာ ယူဆထားပြီး ချယ်လ်ဆီးနှင့်ပွဲတွင် ယင်းသို့ အသင်းကစားမည့် နည်းစနစ်ပိုင်းဆိုင်ရာပေါက်ကြားသွားခဲ့ခြင်းကြောင့် ပြိုင်ဘက်အသင်းမှာ ကြိုတင်မှုများကို စနစ်တကျ ဆောင်ရွက်သွားနိုင်ခဲ့သည်ဟုလည်း မော်ရင်ညိုက မကျေမချမ်းပြောကြားသွားခဲ့သည်။

မန်ယူအသင်းအမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်သည် ကစားသမားဝယ်ယူရေးနှင့် ရောင်းချရေးကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် လျှို့ဝှက်ဆောင်ရွက်မှုများရှိနေဆဲဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ယခုတစ်ကြိမ်တွင် မန်ယူအားကစားဒါရိုက်တာဖြစ်လာရန် ရေပန်းစားနေသူမှာ အီဗရာဖြစ်သည်။

အီဗရာသည် မန်ယူအသင်း နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်သုံးပွဲကို အက်ဒ်ဝုဒ်ဝါးဒ်နှင့် ဘေးချင်းယှဉ်၍ ပွဲကြည့်စင်ထက်မှ အားပေးကြည့်ရှုသွားခဲ့ကာ အားကစားဒါရိုက်တာခန့်အပ်မည့်အစီအစဉ်ကို မော်ရင်ညိုက ၎င်း၏လုပ်ပိုင်ခွင့်ပိုင်းဆိုင်ရာ အကန့်အသတ်ဖြစ်သွားမည်ကိုစိုးရိမ်သည့်အတွက် ကန့်ကွက်ထားခြင်းကြောင့် မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ဝင်အချို့က နည်းပြ မော်ရင်ညို အသင်းကိုတာဝန်ယူနေသည့်ကာလပတ်လုံး အသင်းတွင် အားကစားဒါရိုက်တာရှိလာလိမ့်မည်မဟုတ်ဟု အာမခံချက်ပေးအပ်ထားဆဲဖြစ်သည်။