News

POST TYPE

SPORTS

အာစင်ဝင်းဂါးသာ ဆက်ရှိနေပါက အာဆင်နယ်ကို စွန့်ခွာဖြစ်လိမ့်မည်မဟုတ်ဟု ဝီလ်ရှိုင်းယား ပြောကြား
22-Oct-2018


လန်ဒန်၊ အောက်တိုဘာ ၂၂

ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် ၎င်းအနေနှင့် အာစင်ဝင်းဂါးသာ အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိနေမည်ဆိုပါက အာဆင်နယ်နှင့် စာချုပ်သစ်လက်မှတ်ရေးထိုးကာ အသင်းထံတွင် ဆက်ရှိကောင်း ဆက်ရှိနေနိုင်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဝီလ်ရှိုင်းယားသည် အာဆင်နယ်ထံတွင် ၁၇ နှစ်ကြာ ကစားသမားဘ၀ဖြတ်သန်းခဲ့အပြီး၌ လွန်ခဲ့သော နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းကိုစွန့်ခွာကာ ၀က်စ်ဟမ်းထံသို့ပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး အာဝင်ဝင်းဂါးက ၎င်းအပေါ်ထားရှိခဲ့သည့် အလေးထားဆက်ဆံမှုမျိုးကို နည်းပြ ယူနိုင်းအမ်မရီထံမှနေ၍ ရရှိနိုင်လိမ့်မည်မဟုတ်ဟု ယူဆခဲ့ခြင်းကြောင့် အာဆင်နယ်နှင့်လမ်းခွဲရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဝီလ်ရှိုင်းယားက ရှင်းပြသွားခဲ့သည်။

ဝီလ်ရှိုင်းယားသည် အာစင်ဝင်းဂါးသာ အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိနေပြီး ၎င်းကို စာချုပ်သစ်လက်မှတ်ရေးထိုးရန် ပြောကြားလာခဲ့မည်ဆိုပါက မည်သို့မျှ ငြင်းဆန်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ဟု ပြောကြားသွားခဲ့ပြီး အာစင်ဝင်းဂါး၏လွှမ်းမိုးမှုမှာ ၎င်းအပေါ်တွင် အတိုင်းအဆမဲ့ ကြီးမားလွန်းလှကြောင်းလည်း ထုတ်ဖော်ဝန်ခံသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဝီလ်ရှိုင်းယားက “အာစင်ဝင်းဂါးက ကျွန်တော့်ကို အသင်းနဲ့စာချုပ်သစ်ချုပ်ဖို့ တိုက်တွန်းခဲ့သလို ကျွန်တော်ကလည်း သဘောတူညီထားခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ ကျွန်တော့်ကိုယုံကြည်မှုအပြည့်ထားရှိခဲ့တဲ့ နည်းပြတစ်ယောက်ပါ။ သူက ကျွန်တော်ဟာ အာဆင်နယ်အတွက် အရေးပါနေဆဲသူတစ်ဦးလို့ အမြဲယူဆပေးခဲ့ပါတယ်။ ကျွန်တော်နဲ့ အာစင်ဝင်းဂါးအကြားမှာ အပြန်အလှန် လေးစားမှုအပြည့်အ၀ရှိကြတဲ့အပြင် သူက ကျွန်တော့်ကို အသင်းခေါင်းဆောင်လက်ပတ်တောင် ယုံယုံကြည်ကြည် အပ်နှင်းခဲ့ဖူးသူပါ။ အာစင်ဝင်းဂါး ရာထူးနုတ်ထွက်လိုက်လို့ အာဆင်နယ်ကို စွန့်ခွာဖို့အတွက် ကျွန်တော်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။