News

POST TYPE

SPORTS

နည်းပြ မော်ရင်ညိုနှင့် သဘောထားတင်းမာမှုများ မရှိကြောင်း မာတီရယ်လ် ရှင်းပြ
21-Oct-2018


မန်ချက်စတာ၊ အောက်တိုဘာ ၂၁

မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်သည် ချယ်လ်ဆီးနှင့် မန်ယူတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ၎င်းနှင့် နည်းပြ မော်ရင်ညိုအကြားတွင် လပေါင်းအတန်ကြာ သဘောထားတင်းမာမှုများရှိခဲ့သည်ဟူသော သတင်းများမှာ ဟုတ်မှန်ခြင်းမရှိဟု ရှင်းပြသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မာတီရယ်လ်သည် ချယ်လ်ဆီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးလုံးကို ရယူပေးနိုင်ခဲ့ပြီး ၎င်းနှင့် မော်ရင်ညိုအကြားရှိ နည်းပြ-ကစားသမား ဆက်ဆံရေးမှာ ပုံမှန်အတိုင်းပင်ရှိနေဆဲဖြစ်သည်ဟု မာတီရယ်လ်က အသိပေးသွားခဲ့သည်။

မော်ရင်ညိုသည် လက်ရှိအချိန်တွင် အသင်းရှိကစားသမားများနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်နိုင်စေရန် အားစိုက်ကြိုးပမ်းနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေပြီး ၎င်းကို ပီရိုင်းရာနှင့် လူစားလဲလှယ်လိုက်ချိန်၌ ကွင်းပြင်သို့ရောက်ရှိချိန်တွင် မော်ရင်ညိုနှင့်ထွေးပွေ့နှုတ်ဆက်ကာ စကားပြောဆိုခဲ့သည့်ပုံရိပ်များကလည်း မော်ရင်ညိုနှင့် မာတီရယ်လ်၏ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာကြောင်းကို သက်သေခံလျက်ရှိသည်။

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် မာတီရယ်လ်ကို သက်တမ်းတိုးစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးရန် အပြီးသတ်သဘောတူညီမှုရရှိထားပြီဖြစ်ပြီး များမကြာမီအချိန်အတွင်း မန်ယူနှင့် မာတီရယ်လ်အကြား၌ တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၁၃၀,၀၀၀ ရရှိမည့် ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးတော့မည့်အကြောင်းအား မာတီရယ်လ်၏အကျိုးဆောင်ကိုယ်စားလှယ်များကလည်း ထုတ်ဖော်ဝန်ခံထားပြီဖြစ်သည်။

မာတီရယ်လ်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းတွင် မန်ယူအတွက် ပြိုင်ပွဲအဆင့် ပွဲစဉ်တစ်ခု၌ သွင်းဂိုးနှစ်ဂိုးကို ပထမဆုံးအကြိမ် ပြန်လည်ရယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး မန်ယူအတွက် ၎င်းစတင်ပွဲထွက်ခွင့် ရရှိခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ လက်ရှိအချိန်တိုင်သည်အထိ မန်ယူထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့သော ကစားသမားများအနက် ၎င်းမှာ သွင်းဂိုး ၃၉ ဂိုးရယူကာ အသင်းအတွက် ဂိုးအများဆုံးရယူပေးနိုင်သူအဖြစ်လည်း မာတီရယ်လ်က ရပ်တည်နေသည်။