News

POST TYPE

SPORTS

ဂါရတ်ဘေးလ်နှင့် ပေါင်သန်း ၅၀ အလိုက်ပေး၍ ဟားဇတ်ကို ခေါ်ယူရန် စီစဉ်
18-Oct-2018


လန်ဒန်၊ အောက်တိုဘာ ၁၈

ရီးရဲလ်မက်ဒရစ်သည် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို အသင်းကစားသမား ဂါရတ်ဘေးလ်အပြင် ပေါင်သန်း ၅၀ အလိုက်ပေး၍ ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

ဟားဇတ်သည် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက ကမ်းလှမ်းထားသော စာချုပ်သစ်ကို ယခုအချိန်တိုင်သည်အထိ လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ တွေဝေမှုများရှိနေဆဲဖြစ်ပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို ဆွတ်ခူးရယူလိုခြင်းကြောင့် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းလိုကြောင်းကို ဟားဇတ်က အတိအလင်း ဖွင့်ဟပြောကြားထားပြီးဖြစ်သည်။

သို့သော် ဟားဇတ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တိုင်သည်အထိ ချယ်လ်ဆီးအတွက် ကစားပေးရန် ဆုံးဖြတ်ထားခြင်းကြောင့် ၎င်းကို ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူနိုင်ရန်မှာ ခက်ခဲဖွယ်ရှိနေပြီး ဈေးကွက်တန်ကြေးအရ ဂါရတ်ဘေးလ်မှာ ပေါင် ၈၅ သန်းမျှသာရှိတော့သည့်အတွက် ယခုကမ်းလှမ်းမည့်အစီအစဉ်ကို ချယ်လ်ဆီးက ငြင်းပယ်လိုက်ရန်မှာ ကျိန်းသေလုနီးပါးရှိနေကြောင်းလည်း ဆက်စပ်သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဟားဇတ်နှင့် ချယ်လ်ဆီးအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် တစ်နှစ်မျှသာ ကျန်ရှိတော့မည်ဖြစ်ပြီး ၎င်းကို ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင်သုံးသိန်းဖြင့် ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် ကမ်းလှမ်းထားခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် ဂျူဗင်တပ်ထံသို့ ရောင်းထုတ်လိုက်သည့် စီရော်နယ်ဒို၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ပုံရိပ်ရှိကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူရမည့်အခြေအနေကို ရင်ဆိုင်လာရခြင်းကြောင့် ဟားဇတ်ကိုခေါ်ယူနိုင်ရေးအတွက် တစ်ကျော့ပြန်လည် ပြင်ဆင်လာခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းတာဝန်ရှိသူများကမူ ဟားဇတ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀၀ ရရှိမှသာလျှင် လက်လွှတ်ပေးဖွယ်ရှိနေသည်။