News

POST TYPE

SPORTS

ခီဒီယာကို ၂ နှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် ဂျူဗင်တပ် လက်မှတ်ရေးထိုး
12-Sep-2018


တူရင်၊ စက်တင်ဘာ ၁၂

ဂျူဗင်တပ်အသင်းသည် ကွင်းလယ်ကစားသမား ခီဒီယာကို ၂ နှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ ခီဒီယာမှာ ၂၀၂၁ ဇွန်လတိုင်သည်အထိ ဂျူဗင်တပ်ထံတွင် ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

ဂျူဗင်တပ်သည် ခီဒီယာ၏ကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည်ကို သဘောကျပါက စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အသင်းဘက်က ကန်ထရိုက်သက်တမ်းကို အလိုအလျောက် တစ်နှစ်ထပ်မံတိုးမြှင့်နိုင်စေရန်လည်း သဘောတူညီချက်ရယူထားပြီး အသင်းအတွက် အရေးပါသည့် အဓိကကစားသမားတစ်ဦးကို ယခုကဲ့သို့ အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားလိုက်နိုင်သည်ကို လွန်စွာကျေနပ်ဝမ်းသာမိပါကြောင်း ဂျူဗင်တပ်အသင်းက ကြေညာချက်ထုတ်ပြန်ထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိနေပြီဖြစ်သော ခီဒီယာသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၌ ရီးရဲလ်မက်ဒရစ်မှနေ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး လွန်ခဲ့သည့်ဘောလုံးရာသီ သုံးရာသီအတွင်း ဂျူဗင်တပ်အသင်းထံတွင် ကစားသမားသမားဘ၀ဖြတ်သန်းခဲ့သူများအနက် ၎င်းမှာ ပွဲထွက်ကစားချိန်ပမာဏ အများဆုံးရရှိခဲ့သူလည်းဖြစ်သည်။

ဂျူဗင်တပ်နှင့် ခီဒီယာအကြားတွင်ရှိခဲ့သော စာချုပ်ဟောင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးရန်ရှိနေခြင်းကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်မည့် ၎င်းကို လီဗာပူးနှင့် ပီအက်စ်ဂျီတို့က ချိတ်ဆက်မှုများရှိနေသည့်အတွက် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများက စာချုပ်သစ်ဆွေးနွေးမှုကို ယခုကဲ့သို့ အလျင်အမြန် အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။