News

POST TYPE

SPORTS

အကြွေးငွေ ပေါင် ၄ ဒသမ ၈ သန်းကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိ၍ ဘော်လ်တန် ၁၂ မှတ်လျှော့ခံရ
11-Sep-2018


လန်ဒန်၊ စက်တင်ဘာ ၁၁

အင်္ဂလန်ချန်ပီယံရှစ်တွင် ပါဝင်ကစားနေသည့် ပရီးမီးယားလိဂ်ကလပ်အသင်းဟောင်း ဘော်လ်တန်သည် ချေးယူထားသော အကြွေးငွေများကို ပြန်မဆက်နိုင်ခြင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ လွဲမှားခြင်းတို့ကြောင့် ရမှတ် ၁၂ မှတ် လျှော့ခြင်းခံလိုက်ရကြောင်း Daily Mail က ဖော်ပြထားသည်။

ဘော်လ်တန်သည် စပေါ့တ်ရှီးလ်စီးပွားရေးလုပ်ငန်းစုထံမှချေးယူထားသောငွေများကို ပြန်လည်ပေးဆပ်ရန်အတွက် ဆွေးနွေးညှိနှိုင်းရာတွင် အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိအခြေအနေများအရ အသင်းကို လက်လွှဲရောင်းချနိုင်ရန် အမြန်ဆုံးစီစဉ်ရတော့မည်ဖြစ်ကြောင်းလည်း ဘော်လ်တန်အသင်းဥက္ကဋ္ဌ ကင်အန်ဒါဆင်က ဖွင့်ဟ၀န်ခံသွားခဲ့ပြီဖြစ်သည်။

အင်္ဂလန်နိုင်ငံဆိုင်ရာ အမှတ်ပေးလိဂ်ပြိုင်ပွဲများကျင်းပရေးကော်မတီသည် ဘော်လ်တန်ကို အကြွေးငွေများပြန်လည်ပေးဆပ်ရန်အတွက် အချိန်ပမာဏ သုံးလထပ်မံပေးအပ်ထားပြီး ယင်းသုံးလအတွင်း အကြွေးငွေဆပ်ရန် အပြီးသတ်သဘောတူညီချက်ရယူနိုင်ခဲ့ခြင်း မရှိပါက ဘော်လ်တန်မှာ လက်ရှိချမှတ်ထားသော ရမှတ်လျှော့ပြစ်ဒဏ်အပြင် ကစားသမားသစ်ခေါ်ယူခွင့် ၂ နှစ်ပိတ်ပင်ခြင်းဖြင့် ထပ်မံရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

ဘော်လ်တန်သည် လက်ရှိတွင် အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ် ခြောက်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီးရာ၌ သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် ၁၁ မှတ် ရရှိထားပြီး ယင်းသို့သော ဘဏ္ဍာရေးအခြေအနေဆိုးများက ကစားသမားများ၏ဘောလုံးကွင်းတွင်း စွမ်းဆောင်ရည်များအပေါ် ရိုက်ခတ်မှုများရှိလာမည်ကို ၎င်းအနေနှင့် လွန်စွာစိုးရိမ်ပူပန်မိကြောင်း နည်းပြ ဖီးလ်ပါကင်ဆန်ကလည်း ပြောကြားထားသည်။