News

POST TYPE

SPORTS

စာချုပ်သစ်ဆွေးနွေးမှုကို မာတီရယ်လ် အချိန်ရွှေ့ဆိုင်း၊ မပြောသည့်စကားများကို သတင်းအဖြစ် ဖော်ပြခံနေရ၍ ပေါ့ဂ်ဘာ ဒေါသပေါက်ကွဲ

မန်ချက်စတာ၊ စက်တင်ဘာ ၁၀

မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်သည် အသင်းနည်းပြ မော်ရင်ညို၏အနာဂတ်နှင့်စပ်လျဉ်း၍ တိကျသောအဖြေတစ်ရပ် ထွက်ပေါ်လာခြင်း မရှိသေးသည့်အတွက် စာချုပ်သစ်ချုပ်ဆိုရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် အချိန်ပြန်လည် ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

မာတီရယ်လ်သည် မန်ယူက ဘန်လေကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီတွင် နည်းပြမော်ရင်ညို၏အနာဂတ်အခြေအနေ လှုပ်ခတ်မှုများ ဖြစ်ပေါ်နေချိန်၌ အသင်းနှင့်စာချုပ်သစ်ကိစ္စဆွေးနွေးရန် ၎င်းဘက်က အသင့်ရှိနေပြီဟူသော သဘောသက်ရောက်သည့် စကားမျိုးကို ထုတ်ဖော်ပြောကြားခဲ့ကာ လက်ရှိတွင် နည်းပြ မော်ရင်ညိုက မန်ယူနည်းပြအဖြစ် ဆက်ရှိနေရန် အလားအလာကောင်းများ ဖြစ်ပေါ်သွားခဲ့ခြင်းကြောင့် စာချုပ်သစ်ဆွေးနွေးညှိနှိုင်းရေးကိစ္စကို မာတီရယ်လ်က ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်။

မာတီရယ်လ်သည် နည်းပြ မော်ရင်ညို၏လက်အောက်၌ ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရသည့်အပြင် ၎င်းတို့နှစ်ဦး၏ဆက်ဆံရေး၌လည်း အဖုအထစ်များရှိနေခြင်းကြောင့် မန်ယူနည်းပြအဖြစ် မော်ရင်ညို ဆက်ရှိနေမည်ဆိုပါက မန်ယူကို စွန့်ခွာ၍ အသင်းပြောင်းဖွယ်ရှိနေပြီး မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ကမူ စာချုပ်သစ်ကိစ္စဆွေးနွေးမှု အဆင်မပြေခဲ့ပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မာတီရယ်လ်ကို ရောင်းထုတ်လိုက်ရန် စီစဉ်ထားပြီဖြစ်သည်။

မာတီရယ်လ်သည် လက်ရှိဘောလုံးရာသီတွင် ဘရိုက်တန်က မန်ယူကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌သာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး လက်ရှိတွင် မာတီရယ်လ်ကို ခေါ်ယူလိုသော အသင်းအချို့ရှိနေသော်လည်း မန်ယူက ၎င်းတို့ကစားသမား၏တန်ကြေးကို ပေါင် ၇၁ သန်း သတ်မှတ်တောင်းဆိုနေခြင်းကြောင့် ယင်းအသင်းများမှာ တွေဝနေကြခြင်းဖြစ်သည်။

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ၎င်းမပြောဆိုသည့်စကားများကို ပြောကြားလေသယောင် သတင်းမီဒီယာများက ရေးသားနေခြင်းကြောင့် အလွန်အမင်း ဒေါသပေါက်ကွဲနေပြီး ၎င်းအနေနှင့် လက်ရှိအချိန်တွင် မန်ယူနှင့်ချုပ်ဆိုထားသောစာချုပ်ကို လေးစားမှုအပြည့်ထားရှိ၍သာ ကစားသမားဘ၀ကို ဖြတ်သန်းနေကြောင်း ပေါ့ဂ်ဘာက ရှင်းပြသွားခဲ့သည်။

သတင်းမီဒီယာများသည် ပေါ့ဂ်ဘာက “အနာဂတ်တွင် မည်သည့်အရာများဖြစ်ပေါ်လာမည်ဆိုခြင်းကို မည်သူကမျှ တပ်အပ်သေချာ မသိရှိနိုင်”ဟု ပြောကြားသည့်စကားကို ကိုးကား၍ ပေါ့ဂ်ဘာမှာ လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စပိန်လာလီဂါကလပ် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရန် တစ်ကျော့ပြန်လည် ကြိုးပမ်းလာလိမ့်မည်ဟု ရေးသားနေခြင်းဖြစ်ပြီး မန်ယူနည်းပြ မော်ရင်ညိုကလည်း ၎င်းနှင့် ပေါ့ဂ်ဘာအကြားတွင် ပုဂ္ဂိုလ်ရေးသဘောထားတင်းမာမှုများရှိနေသည်ဆိုခြင်းမှာ မဟုတ်မှန်ဟု ပြောကြားထားပြီဖြစ်သည်။