News

POST TYPE

SPORTS

ပွဲကစားခွင့် ပိုမိုမရရှိပါက ဇန်နဝါရီဈေးကွက်တွင် ချယ်လ်ဆီးကို ကာဟေးလ် စွန့်ခွာတော့မည်
10-Sep-2018


လန်ဒန်၊ စက်တင်ဘာ ၁၀

ချယ်လ်ဆီးနောက်ခံလူ ကာဟေးလ်သည် ယခုထက်ပို၍ ပွဲကစားခွင့် မရရှိသည့်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာခဲ့ပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ချယ်လ်ဆီးကို ကျောခိုင်းစွန့်ခွာ၍ အသင်းပြောင်းရန် စဉ်းစားသွားတော့မည်ဟု အရိပ်အမြွက် အသိပေးလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

နည်းပြကွန်တီလက်ထက်တွင် ချယ်လ်ဆီးအသင်း၏အသင်းခေါင်းဆောင်အဖြစ်ပင် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသော ကာဟေးလ်သည် လက်ရှိဘောလုံးရာသီတွင် နည်းပြဆာရီ၏လက်အောက်၌ ပွဲကစားခွင့် လုံးဝမရရှိသေးသောအခြေအနေကို ရင်ဆိုင်ကြုံဆုံနေရပြီး ဆာရီမှာ ၎င်း၏နည်းဗျူဟာတွင် ကာဟေးလ်ထက် ဒေးဗစ်လူးဝစ်ဇ်က ပိုမိုအံဝင်နိုင်သည်ဟုယူဆကာ ဒေးဗစ်လူးဝစ်ဇ်ကိုသာ ဗဟိုခံစစ်၌ ပွဲထုတ်လျက်ရှိသည်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်သော ကာဟေးလ်သည် ချယ်လ်ဆီးထံတွင် ဘောလုံးရာသီ ခြောက်ရာသီကြာ ကစားသမားဘ၀ဖြတ်သန်းခဲ့ပြီးပြီဖြစ်ကာ လက်ရှိတွင် ဗဟိုခံစစ်အကျပ်အတည်းများနှင့်ကြုံဆုံရင်ဆိုင်နေရသော မန်ယူနည်းပြ မော်ရင်ညိုကလည်း အခွင့်ရပါက ၎င်း၏တပည့်ဖြစ်ခဲ့ဖူးသူ ကာဟေးလ်ကို မန်ယူထံသို့ခေါ်ယူနိုင်ရန် စောင့်ကြည့်မှုများရှိနေသည်။

ချယ်လ်ဆီးသည် နည်းပြကွန်တီလက်ထက်တွင် ၃-၅-၂ ကစားကွက်ကို အားပြုကစားခဲ့သည့်အတွက် ခံစစ်တွင် ဗဟိုခံစစ်မှူး သုံးဦးအထိ နေရာရရှိခဲ့ကာ လက်ရှိနည်းပြ ဆာရီကမူ ဗဟိုခံစစ်၌ ကစားသမားနှစ်ဦးသာ ထားရှိသည့် နည်းဗျူဟာများကို အသုံးပြုနေခြင်းကြောင့် ကာဟေးလ်မှာ နေရာပျောက်သွားခဲ့ရခြင်းဖြစ်သည်။

နည်းပြ ဆာရီသည် ချယ်လ်ဆီးမှာ များမကြာမီအချိန်အတွင်း ခရာဘောင်းဖလားနှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့ စတင်ကစားရမည်ဖြစ်၍ အသင်းသားအားလုံးမှာ လုံလောက်သည့်ပွဲထွက်ကစားခွင့်တစ်ရပ်ကို ပိုင်ဆိုင်ခွင့်ရရှိလာကြလိမ့်မည်ဟု ပြောကြားထားပြီး ကာဟေးလ်မှာ ချယ်လ်ဆီးထံတွင် ပုံမှန်ပွဲထွက်ခွင့် မရရှိပါက အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ယူရို ၂၀၂၀ ပြိုင်ပွဲ ကစားခွင့်ရနိုင်ရေး မျှော်လင့်ချက်အား လက်လွှတ်လိုက်ရမည်ကို စိုးရိမ်ပူပန်မှုများရှိနေသည်။

သို့သော် သတင်းမီဒီယာများကမူ အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်၏လူငယ်မျိုးဆက်သစ်ကစားသမားများကို ပိုမိုနေရာပေးလိုသောမူဝါဒအရ အသက် ၃၀ ကျော်လွန်သွားခဲ့ပြီဖြစ်သော ကာဟေးလ်မှာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရနိုင်ရန် မသေချာတော့ဟု မှန်းဆထားသည်။