News

POST TYPE

SPORTS

မကြာမီတွင် လုပ်ငန်းခွင် ပြန်ဝင်တော့မည်ဟု ဇီဒန်း အတည်ပြု
10-Sep-2018


ပဲရစ်၊ စက်တင်ဘာ ၁၀

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းသည် TVE ရုပ်သံနှင့်တွေ့ဆုံရာတွင် ၎င်းအနေနှင့် မကြာမီတွင် လုပ်ငန်းခွင် ပြန်ဝင်တော့မည်ဟု အတည်ပြုပြောကြားလိုက်သည့်အတွက် မန်ယူနည်းပြအဖြစ် ဇီဒန်းကို တွေ့မြင်ရလိမ့်မည်ဟူသော မှန်းဆချက်များမှာ ပို၍ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ဘန်လေကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီး၌ ရာထူးအာမခံချက် ပြန်လည်ရရှိသွားခဲ့သော်လည်း ရှေ့လာမည့်ပွဲစဉ်များတွင် အသင်းရလဒ်များ ပြန်လည်ဆိုးရွားခဲ့ပါကမူ ၎င်းကို ရာထူးထုတ်ပယ်ရန် မန်ယူအသင်းတာဝန်ရှိသူများက စီစဉ်ထားဆဲဖြစ်ပြီး မော်ရင်ညို ရာထူးထုတ်ပယ်ခံခဲ့ရပါက ယင်းနေရာကို ဇီဒန်း အစားဝင်မည်မှာ သေချာလုနီးပါးရှိနေသည်။

ဇီဒန်းသည် မန်ယူအသင်းကို ၎င်းတာဝန်ယူဖြစ်ခဲ့ပါက အသင်းကို အင်အားဖြည့်ရန်အတွက် ခေါ်ယူမည့် ကစားသမားအချို့ကိုပင် လျာထားစာရင်းရေးဆွဲထားပြီဖြစ်ပြီး ဇီဒန်း၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသူများမှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ တိုနီခရူးစ်၊ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ အယ်လ်ကန်တာရာ၊ ရီးရဲလ်မက်ဒရစ်မှနေ၍ ဘိုင်ယန်မြူးနစ်ထံသို့ အငှားသွားရောက်ကစားနေသည့် တိုက်စစ်တောင်ပံကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီတို့ ဖြစ်ကြသည်။

TVE ရုပ်သံနှင့်တွေ့ဆုံခဲ့ရာတွင် ဇီဒန်းက “သိပ်ကို သေချာပါတယ်။ မကြာခင်မှာပဲ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ကျွန်တော့်ကို ပြန်မြင်ကြရတော့မှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်အနှစ်သက်ဆုံးအလုပ်ဖြစ်နေလို့ပါပဲ။ ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ ဘောလုံးနဲ့ပဲ အတူရှိချင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။