News

POST TYPE

SPORTS

အာဂျင်တီးနားအတွက် မက်ဆီပြန်ကစားပေးမည်ဟု ယုံကြည်သောကြောင့် ကျောနံပါတ် ၁၀ ကို လစ်လပ်အဖြစ် ထားရှိရန် ဆုံးဖြတ်
09-Sep-2018 tagged as Soccer Messi Argentina


ဗျူနိုအေရိစ်၊ စက်တင်ဘာ ၉

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်နှင့် လက်ရွေးစင်အသင်း ယာယီနည်းပြ စကာလိုနီတို့သည် အာဂျင်တီးနားအသင်းအတွက် မက်ဆီ ပြန်ကစားပေးလိမ့်မည်ဟု ယုံကြည်သောကြောင့် ကျောနံပါတ် ၁၀ ကို မည်သည့်ကစားသမားကိုမျှ မပေးအပ်ဘဲ လစ်လပ်အဖြစ် ထားရှိရန် ဆုံးဖြတ်လိုက်ကြောင်း AS က ဖော်ပြထားသည်။

မက်ဆီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း ရလဒ်ဆိုးများဖြင့် ရင်ဆိုင်ခဲ့ရအပြီးတွင် ၎င်းအနေနှင့် ယခုနှစ်ကုန်အထိ လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲများ ပါဝင်ကစားပေးတော့မည်မဟုတ်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်နှင့် လက်ရွေးစင်အသင်းနည်းပြ စကာလိုနီတို့ကမူ မက်ဆီ စိတ်ပြောင်းလဲလာရန် မျှော်လင့်နေဆဲဖြစ်သည်။

မက်ဆီသည် လက်ရှိတွင် လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှု အနာဂတ်နှင့်စပ်လျဉ်း၍ အလေးအနက်ထား စဉ်းစားနေပြီး လက်ရွေးစင်ကစားသမားဘ၀ကို အဆုံးသတ်သည့် ဆုံးဖြတ်ချက်မျိုး မက်ဆီ ချမှတ်လိုက်မည်ကို တာဝန်ရှိသူများက စိုးရိမ်ပူပန်နေကြသည်။

အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်များကလည်း ၎င်းတို့အနေနှင့် မက်ဆီကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်မြင်တွေ့လိုကြောင်း ထုတ်ဖော်ပြောကြားထားကြပြီး မက်ဆီမှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီက ၎င်းအနေနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့်အတူ အောင်မြင်မှု မရယူနိုင်ခဲ့ပါက လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို ကျောခိုင်းတော့မည်ဟု ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။