News

POST TYPE

SPORTS

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများကို လူးကပ်စ်မော်ရာ၊ ဂျာဗီဂါစီယာနှင့် ဆီရီတို့ ဆွတ်ခူး
09-Sep-2018


လန်ဒန်၊ စက်တင်ဘာ ၉

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် သြဂုတ်လစွမ်းဆောင်ရည်များအတွက် တစ်လတာအကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်လိုက်ပြီဖြစ်ရာ အကောင်းဆုံးကစားသမားဆုကို စပါးကွင်းလယ်လူ လူးကပ်စ်မော်ရာကလည်းကောင်း၊ အကောင်းဆုံးနည်းပြဆုကို ၀က်ဖို့ဒ်နည်းပြ ဂျာဗီ ဂါစီယာကလည်းကောင်း အကောင်းဆုံးသွင်းဂိုးဆုကို ဖူလ်ဟမ်ကွင်းလယ်လူ ဆာရီကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

လူးကပ်စ်မော်ရာသည် သြဂုတ်လအတွင်း စပါးအသင်းယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲတွင် သုံးပွဲလုံးကို ပွဲထွက်ကစားသမားအဖြစ် ကစားပေးခွင့်ရရှိခဲ့ပြီး ဖူလ်ဟမ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး၊ မန်ယူကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုး အသင်းအတွက် ၎င်းက ရယူပေးနိုင်ခဲ့သည်။

လူးကပ်စ်မော်ရာသည် အနီးကပ်ပြိုင်ဘက်များဖြစ်သော ချယ်လ်ဆီးကွင်းလယ်တောင်ပံကစားသမား မားကပ်စ်အလွန်ဆိုနှင့် လီဗာပူးတိုက်စစ်တောင်ပံကစားသမား မာနေးတို့ကို ကျော်ဖြတ်၍ ယခုဆုကို ရယူသွားနိုင်ခဲ့ခြင်းဖြစ်ပြီး ဖူလ်ဟမ်နှင့်ပွဲစဉ်တွင် သွင်းယူနိုင်ခဲ့သောဂိုးမှာ ၎င်း၏ပရီးမီးယားလိဂ်ကစားသမားဘ၀ဖြတ်သန်းမှု ပထမဆုံးသောသွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

ဝက်ဖို့ဒ်အသင်းကို သြဂုတ်လအတွင်းယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ရာနှုန်းပြည့်အနိုင်ရလဒ်ရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သော နည်းပြ ဂျာဗီဂါစီယာသည် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်၊ ချယ်လ်ဆီးနည်းပြ ဆာရီနှင့် စပါးနည်းပြ ပိုချက်တီနိုတို့ကို ကျော်ဖြတ်၍ တစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပြီး ၀က်ဖို့ဒ်မှာ နည်းပြဂါစီယာလက်ထက်တွင် ပွဲစဉ်ပေါင်း ၂၀ ယှဉ်ပြိုင်ကစားခဲ့ပြီးရာ၌ ကိုးပွဲနိုင်၊ သုံးပွဲသရေ၊ ရှစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ရရှိထားပြီးဖြစ်သည်။

ဖူလ်ဟမ်ကွင်းလယ်ကစားသမား ဆီရီသည် ဖူလ်ဟမ်က ဘန်လေကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်တွင် အဝေးကန်ချက်ဖြင့် ရယူပေးခဲ့သောဂိုးအတွက် အကောင်းဆုံးသွင်းဂိုးဆု ချီးမြှင့်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းမှာ ၀က်ဖို့ဒ်ကွင်းလယ်လူ ပီရေးရာ၊ စပါးကွင်းလယ်လူ လူးကပ်စ်မော်ရာနှင့် မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒေးဗစ်ဆေးလ်ဗားတို့သွင်းယူသောဂိုးများကို ကျော်ဖြတ်၍ ယင်းဆုကို ရယူသွားခဲ့ခြင်းဖြစ်သည်။