News

POST TYPE

SPORTS

ယူအက်စ်အိုးပင်းဂရင်းဆလင်းပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူး၍ နာအိုမီ အိုဆာကာ စံချိန်သစ်တင်
09-Sep-2018


နယူးယောက်၊ စက်တင်ဘာ ၉

အမေရိကန်ပြည်ထောင်စုတွင်ကျင်းပနေသည့် ယူအက်စ်အိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ၏အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဂျပန်တင်းနစ်မယ် နာအိုမီ အိုဆာကာက ဝါရင့် အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံကို အနိုင်ယူ၍ ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

အိုဆာကာသည် ဆီရီနာဝီလျံကို ၆-၂၊ ၆-၄ ဖြင့် ပွဲလတ်နှစ်ပွဲပြတ် အနိုင်ယူကာ ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုပွဲစဉ်တွင် ဆီရီနာဝီလျံမှာ ဒိုင်လူကြီး၊ ၎င်း၏နည်းပြတို့နှင့် စကားအချေအတင်ဖြစ်ခဲ့သေးသည်။

ဒိုင်လူကြီး ကားလို့စ်ရာမို့စ်သည် ဆီရီနာဝီလျံကို တင်းနစ်ရိုက်တံအား ထုရိုက်၍ ဒေါသပေါက်ကွဲခြင်းအတွက် အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ပွဲအပြီးတွင် ဆီရီနာဝီလျံက ဒိုင်လူကြီးဖြစ်သူကို သူခိုးဟု သတ်မှတ်သမုတ်ကာ လက်ဆွဲနှုတ်ဆက်ရန်လည်း ငြင်းဆန်သွားခဲ့သည်။

အသက် ၂၀ အရွယ်သာရှိသေးသည့် အိုဆာကာသည် ဂျပန်တင်းနစ်မယ်များအနက်မှနေ၍ ဂရင်းဆလင်းချန်ပီယံဆုကို ပထမဆုံးဆွတ်ခူးရယူနိုင်သူ တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပြီး ဆီရီနာဝီလျံ၏ဒေါသပေါက်ကွဲကာ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်ခဲ့ခြင်းများက အိုဆာကာကို ချန်ပီယံဖြစ်ခွင့်ရစေရန် တစ်ဖက်တစ်လမ်းမှနေ၍ ပံ့ပိုးပေးသွားခဲ့ခြင်းဖြစ်သည်။

ဆီရီနာဝီလျံသည် သူမအနေနှင့် ပွဲကစားနေစဉ်အတွင်း နည်းပြ မော်ရာတိုဂလူးထံမှနေ၍ အကြံဥာဏ်ကောင်းများရရှိခဲ့ခြင်းမရှိဟု စွပ်စွဲပြစ်တင်သွားခဲ့ကာ နည်းပြ မော်ရာကိုဂလူးကမူ ဆီရီနာဝီလျံမှာ ပြိုင်ပွဲကစားနေစဉ်အတွင်း ၎င်းကို တစ်ချက်မျှ လှည့်ကြည့်ခဲ့ခြင်း မရှိကြောင်း၊ ယင်းအတွက်ကြောင့် လိုအပ်သည့် နည်းဗျူဟာ အပြောင်းအလဲလုပ်ရန် ကိစ္စများကို ၎င်းဘက်က ညွှန်ကြားချက် မပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။