News

POST TYPE

SPORTS

ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် ဒယ်လ်ပိုထရိုတို့ ဆုံတွေ့
09-Sep-2018


နယူးယောက်၊ စက်တင်ဘာ ၉

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပနေသည့် ယူအက်စ်အိုးပင်းဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ၏အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်နှင့် အာဂျင်တီးနားတင်းနစ်ကစားသမား ဒယ်လ်ပိုထရိုတို့က ပြိုင်ဘက်များကို အသီးသီးကျော်ဖြတ်ပြီး ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းရောက်ရှိသွားခဲ့ကြော။င်း Daily Mail က ဖော်ပြထားသည်။

ဒယ်လ်ပိုထရိုသည် ဆီမီးဖိုင်နယ်ပွဲစဉ်ကို စပိန်တင်းနစ်ကစားသမား နာဒယ်လ်နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ယင်းပွဲစဉ်တွင် ဒုတိယပွဲလတ်ပြီးဆုံးချိန်၌ နာဒယ်လ်က ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲကို ဆက်လက်ကစားနိုင်စွမ်း မရှိတော့၍ နုတ်ထွက်သွားခဲ့သည့်အတွက် ဒယ်လ်ပိုထရိုက ဗိုလ်လုပွဲတက်ခွင့်ကို ရရှိသွားခဲ့ခြင်းဖြစ်သည်။

ဒယ်လ်ပိုထရိုနှင့် နာဒယ်လ်တို့၏ပွဲစဉ်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသည့် ပွဲလတ်နှစ်ပွဲလုံး၌ ဒယ်လ်ပိုထရိုက နာဒယ်လ်ကို ၇-၆(၇-၃)၊ ၆-၂ ဖြင့် အနိုင်ယူထားခဲ့ပြီး နာဒယ်လ်မှာ ပြိုင်ပွဲယှဉ်ပြိုင်ကစားနေစဉ်အချိန်အတွင်း၌ပင် ဒူးဒဏ်ရာကို နှစ်ကြိမ်တိုင် ဆေးကုသမှုခံယူခဲ့ရသည်။

နာဒယ်လ်သည် လက်ရှိ ၂၀၁၈ ခုနှစ်အတွင်းတွင် ဂရင်းဆလင်းပြိုင်ပွဲများ၌ ဒဏ်ရာပြဿနာကြောင့် ပြိုင်ဘက်များကို အရှုံးပေးလိုက်ရသည်မှာ နှစ်ကြိမ်တိုင်ရှိသွားခဲ့ပြီး ယခုမတိုင်မီတွင် ရာသီဖွင့်သြစတြေးလျအိုးပင်း ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ၏ကွာတားဖိုင်နယ်အဆင့်၌ ခရိုအေးရှားတင်းနသ်ကစားသမား မာရင်ဆီလစ်ကို နာဒယ်လ်က ဒဏ်ရာပြဿနာကြောင့် အရှုံးပေးခဲ့ရဖူးသည်။

ဒယ်လ်ပိုထရိုသည် နောက်ဆုံးကိုးနှစ်တာကာလဖြတ်သန်းမှုအတွင်း ဂရင်းဆလင်းပြိုင်ပွဲတစ်ရပ်၏ဗိုလ်လုပွဲအဆင့်သို့ ပြန်လည်တက်ရောက်လာနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ၂၀၀၉ ခုနှစ်၌ ယူအက်စ်အိုးပင်းဂရင်းဆလင်းပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ဖူးသူလည်းဖြစ်သည်။

ဂျိုကိုဗစ်သည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဂျပန်တင်းနစ်ကစားသမား နီရှီကိုရီနှင့်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် ဂျိုကိုဗစ်က နီရှီကိုရီကို ၆-၃၊ ၆-၄၊ ၆-၂ ဖြင့် ပွဲလတ်သုံးပွဲပြတ်အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ခြင်းဖြစ်သည်။

ဂျိုကိုဗစ်သည် ဆမ်ပရတ်စ်နှင့် အိုင်ဗန်လင်ဒယ်လ်တို့ တင်ရှိခဲ့သည့် ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများသို့ ၂၃ ကြိမ် တက်ရောက်နိုင်သည့်စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပြီး ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုတစ်လျှောက်တွင် ယူအက်စ်အိုးပင်းဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲ၏ဗိုလ်လုပွဲအဆင့်သို့ ဂျိုကိုဗစ်က ရှစ်ကြိမ်မြောက် တက်ရောက်နိုင်ခြင်းလည်းဖြစ်သည်။

ဂျိုကိုဗစ်သည် ဗိုလ်လုပွဲတွင် ဒယ်လ်ပိုထရိုကို အနိုင်ယူ၍ ချန်ပီယံဆုကို ဆွတ်ခူးကိုင်မြှောက်နိုင်ခဲ့ပါက ဆမ်ပရတ်စ်တင်ရှိခဲ့သော ဂရင်းဆလင်းပြိုင်ပွဲများတွင် ၁၄ ကြိမ် ချန်ပီယံဖြစ်သည့်စံချိန်ကို လိုက်မီသွားတော့မည်လည်းဖြစ်သည်။