News

POST TYPE

SPORTS

မာဂွီရေးကို ငါးနှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် လက်စတာ ချုပ်ဆို

လန်ဒန်၊ စက်တင်ဘာ ၉

လက်စတာအသင်းသည် အသင်းကြီးများစွာက ခေါ်ယူရန် မျက်စိကျနေသော ၎င်းတို့၏နောက်ခံကစားသမား မာဂွီရေးကို ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ မာဂွီရေးမှာ လာမည့် ၂၀၂၃ ခုနှစ်တိုင်သည်အထိ လက်စတာကစားသမားအဖြစ် ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ အသင်းဗဟိုခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် မာဂွီရေးကို အလွန်အမင်း ခေါ်ယူလိုခဲ့ပြီး မာဂွီရေးကလည်း ၎င်းကို ခေါ်ယူရန်ချိတ်ဆက်ခဲ့သည်မှာ မန်ယူတစ်သင်းတည်းမဟုတ်ဘဲ အသင်းများစွာဖြစ်ကြောင်း ထုတ်ဖော်အသိပေးထားသည်။

အသက် ၂၅ နှစ်အရွယ်ရှိ မာဂွီရေးသည် ယခုချုပ်ဆိုလိုက်သော စာချုပ်သစ်အရ တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင်ရှစ်သောင်းရရှိသွားခဲ့ပြီဖြစ်ပြီး မာဂွီရေး၏စာချုပ်ဖျက်သိမ်းခတန်ကြေးကို လက်စတာက ပေါင် ၇၅ သန်းဟု အသစ်ပြင်ဆင် သတ်မှတ်လိုက်ပြီလည်းဖြစ်သည်။

လက်စတာသည် မာဂွီရေးမတိုင်မီတွင် ကွင်းလယ်ကစားသမား အန်ဒီဒီ၊ တိုက်စစ်မှူး ဗာဒီနှင့် ဂိုးသမား ကက်စပါ ရှမိုက်ကယ်တို့ကိုလည်း စာချုပ်သစ်များ အသီးသီး လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ မာဂွီရေးမှာ အသင်းအတွက် လွန်စွာအရေးပါသူတစ်ဦးဖြစ်၍ ယခုကဲ့သို့ စာချုပ်သစ်ချုပ်လိုက်နိုင်ခြင်းကို လွန်စွာ ၀မ်းသာမိကြောင်း နည်းပြ ပူအယ်လ်ကလည်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။