News

POST TYPE

SPORTS

လာမည့်ဒီဇင်ဘာလတွင် ပေါ့ဂ်ဘာ၏အေးဂျင့်နှင့် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများ တွေ့ဆုံမည်

တူရင်၊ စက်တင်ဘာ ၉

ပေါ့ဂ်ဘာ၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော ရိုင်အိုလာသည် လာမည့်ဒီဇင်ဘာလတွင် ၎င်း၏ကစားသမားဖြစ်သူ အသင်းပြောင်းရွှေ့နိုင်ရေးအတွက် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်နေပြီဖြစ်ကြောင်း Tutto Sports က ဖော်ပြထားသည်။

ပေါ့ဂ်ဘာသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အနာဂတ်ကာလ၌ မည်သည့်နေရာတွင် မည်သူရှိနေမည်ကို မည်သူကမျှ တပ်အပ်သေချာ မပြောနိုင်ဟု ထုတ်ဖော်ပြောကြားကာ ၎င်း၏အနာဂတ်ကို မတင်မကျ အသိပေးသွားခဲ့ပြီး လက်ရှိတွင် နည်းပြ မော်ရင်ညိုနှင့် ၎င်းအကြား၌ ဆက်ဆံရေးအဆင်မပြေမှုများရှိနေသည့်အတွက် ပေါ့ဂ်ဘာမှာ အသင်းပြောင်းရွှေ့ခွင့်ရနိုင်ရေးကို အေးဂျင့်ရိုင်အိုလာနှင့်တိုင်ပင်ကာ လျှို့ဝှက်ကြိုးပမ်းနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

မန်ယူအသင်းအားပေးသူများသည် ပေါ့ဂ်ဘာကို အသင်းတည်ငြိမ်မှုအား ပျက်ပြားအောင်လုပ်ဆောင်နေသူအဖြစ် ရှုမြင်နေကြပြီဖြစ်ပြီး ပေါ့ဂ်ဘာမှာ အသင်းထက်ပို၍ ကြီးကျယ်သူ မဟုတ်ကြောင်း၊ ပေါ့ဂ်ဘာထွက်ခွာသွားပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် ပေါ့ဂ်ဘာထက်ပို၍ စွမ်းဆောင်ရည်ကောင်းသူကို မန်ယူမှာ ခေါ်ယူနိုင်စွမ်း အပြည့်ရှိကြောင်းလည်း မန်ယူပရိသတ်များက ပြောကြားထားကြသည်။

ဘာစီလိုနာနှင့် ဂျူဗင်တပ်တို့သည် ပေါ့ဂ်ဘာကို ခေါ်ယူရန်အတွက် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကတည်းကပင် အေးဂျင့်ရိုင်အိုလာထံသို့ ချိတ်ဆက်မှုများရှိခဲ့ပြီး မန်ယူမှာ ပေါ့ဂ်ဘာကို ရောင်းချရန် ဆုံးဖြတ်ခဲ့သည့်တိုင် ဇန်နဝါရီဈေးကွက်တွင် လက်လွှတ်ဖွယ်မရှိဘဲ လက်ရှိဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှသာ ယင်းကိစ္စကို စဉ်းစားပေးဖွယ်ရှိနေသည်။