News

POST TYPE

SPORTS

မန်ယူနည်းပြအဖြစ် တာဝန်ယူဖြစ်ပါက အသင်းထံသို့ ကစားသမားသစ် လေးဦးခေါ်ယူရန် ဇီဒန်း လျာထား
09-Sep-2018


မန်ချက်စတာ၊ စက်တင်ဘာ ၉

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းသည် မန်ယူအသင်းကို တာဝန်ယူဖြစ်ပါက အသင်းထံသို့ ကစားသမားသစ်လေးဦးခေါ်ယူရန် စီစဉ်ထားပြီး မန်ယူအသင်းတာဝန်ရှိသူများနှင့် ဇီဒန်းအကြားတွင် အဆက်အသွယ်များမှာ မပြတ်တမ်းရှိနေကြောင်း Daily Star က ဖော်ပြထားသည်။

ဇီဒန်းသည် မန်ယူအသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖြစ်ခဲ့မည်ဆိုပါက အသင်းကို အားဖြည့်ရန်အတွက် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား တိုနီခရူးစ်၊ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား အယ်လ်ကန်တာရာ၊ ရီးရဲလ်မက်ဒရစ်မှနေ၍ ဘိုင်ယန်မြူးနစ်ထံသို့ အငှားလာရောက်ကစားနေသည့် တိုက်စစ်တောင်ပံကစားသမား ရိုဒရီဂွက်ဇ်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီတို့ကို ခေါ်ယူရန် အစီအစဉ်ရေးဆွဲထားပြီး မော်ရင်ညိုကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းနေရာအတွက် ဇီဒန်းကိုခေါ်ယူရန်ကို မန်ယူအသင်းတာဝန်ရှိသူများက လျာထားဆဲဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

မန်ယူသည် ယှဉ်ပြိုင်ကစားခဲ့ပြီးသည့် ရာသီဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲတွင် နိုင်ပွဲနှစ်ပွဲသာ ရှာဖွေရရှိထားပြီး ရှေ့လာမည့်ပွဲစဉ်များတွင် ရလဒ်ဆိုးရွားခဲ့ပါက မော်ရင်ညိုမှာ ရာထူးထုတ်ပယ်ခံရနိုင်ခြေများ ရှိနေဆဲပင်ဖြစ်သည်။

မန်ယူအသင်းအားပေးသူများသည် နည်းပြမော်ရင်ညိုကို လက်ရှိအချိန်တိုင်သည်အထိ ထောက်ခံနေကြဆဲဖြစ်ပြီး အသင်းတာဝန်ရှိသူများဘက်က လုံလောက်သော အပြောင်းအရွှေ့အသုံးစရိတ်များ ထုတ်ပေးခြင်း မရှိသည့်အတွက် မော်ရင်ညိုမှာ အသင်းကို ၎င်းအလိုရှိသကဲ့သို့ တည်ဆောက်ပုံဖော်ရန် အဆင်မပြေဖြစ်နေရခြင်းဖြစ်သည်ဟု မန်ယူပရိသတ်များက ယူဆနေကြသည်။