News

POST TYPE

SPORTS

ဗားဂတ်စ်ကို အေမာခန်း အနိုင်ယူ၊ ကဲလ်ဘရုခ်နှင့် ပက်ကွီယာအိုတို့ကို စိန်ခေါ်
09-Sep-2018


ဘာမင်ဂမ်၊ စက်တင်ဘာ ၉

ဗြိတိန်လက်ဝှေ့ကစားသမား အေမာခန်းသည် အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော စိန်ခေါ်ပွဲစဉ်တွင် ကနေဒါနှင့် ကိုလံဘီယာ နှစ်နိုင်ငံသားခံယူထားသည့် ကိုလံဘီယာနွယ်ဖွား လက်ဝှေ့ကစားသမား ဆန်မြူရယ်လ် ဗားဂတ်စ်ကို အမှတ်ဖြင့်အနိုင်ရရှိသွားခဲ့ပြီး ရှေ့လာမည့်ပွဲစဉ်တွင် တစ်နိုင်ငံတည်းသား လက်ဝှေ့ကစားသမား ကဲလ်ဘရုခ်နှင့် ဖိလစ်ပိုင်လက်ဝှေ့ကစားသမား ပက်ကွီယာအိုတို့အနက်မှ တစ်ဦးနှင့် ထိုးသတ်လိုသည်ဟု အေမာခန်းက ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။

အေမာခန်းသည် ဒုတိယမြောက်ပွဲချီကတည်းကပင် ညာဖြောင့်လက်သီးထိုးချက်ဖြင့် ဗားဂတ်စ်ကို ကြိုးဝိုင်းကြမ်းပြင်ထက်သို့ လဲကျစေခဲ့ပြီး တတိယမြောက်ပွဲချီတွင်လည်း အေမာခန်း၏လက်သီးချက် ထိမှန်ကာ ဗားဂတ်စ်မှာ ကြိုးဝိုင်းကြမ်းပြင်ထက်သို့ ထပ်မံလဲကျခဲ့ရပြန်သည်။

ဗားဂတ်စ်သည် လက်ကျန်ပွဲချီများတွင်လည်း အေမာခန်း၏လက်သီးချက်များ ဆက်တိုက်ထိမှန်ကာ နှာခေါင်းရိုးကျိုးသည်အထိ ဖြစ်သွားခဲ့ပြီး ပွဲချီ ၁၂ ချီပြည့်သည်အထိ တစ်ဦးနှင့် တစ်ဦး အလဲထိုးနိုင်ခဲ့ခြင်းမရှိသောကြောင့် ၎င်းတို့နှစ်ဦး၏အနိုင်အရှုံးကို အမှတ်ဖြင့် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။

အမှတ်ပေးဒိုင်လူကြီးသုံးဦးလုံးသည် အေမာခန်းကို ၁၁၉-၁၀၈၊ ၁၁၉-၁၀၉၊ ၁၁၈-၁၁၀ တို့ဖြင့် တညီတညွတ်တည်း အနိုင်ပေးလိုက်ကြပြီး ကဲလ်ဘရုခ်နှင့် အေမာခန်းတို့မှာ ပွဲစီစဉ်သူအဖြစ် အက်ဒီဟီအန်းကို ခန့်အပ်ထားရှိကြသူများဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦး၏စိန်ခေါ်ပွဲစဉ်ဖြစ်မြောက်ရေးမှာ အခြေအနေ ကောင်းမွန်လျက်ရှိသည်။