News

POST TYPE

SPORTS

အသင်းတာဝန်ရှိသူများ၏တွေဝေမှုကြောင့် အမ်မရီကန်နှင့် ဂိုရက်ဇ်ကာတို့ မန်ယူထံ ရောက်မလာခဲ့ခြင်းဟု ရီဘောလ်တာ ပြောကြား
06-Sep-2018

မန်ချက်စတာ၊ စက်တင်ဘာ ၆

မန်ယူအသင်း၏ကစားသမားကင်းထောက်ချုပ်ဟောင်း ရီဘောလ်တာသည် မန်ယူအတွက် ၎င်းတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း လီဗာပူးကွင်းလယ်လူ အမ်မရီကန်နှင့် ရှော်ကေးကွင်းလယ်လူ ဂိုရက်ဇ်ကာတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် အနီးစပ်ဆုံးအနေအထားတစ်ရပ်ကို အသင်းအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း အသင်းတာဝန်ရှိသူများ၏တွေဝေမှုကြောင့် ယင်းကစားသမားနှစ်ဦးမှာ မန်ယူထံသို့ရောက်မလာခဲ့ဘဲ အခြားသောကလပ်များသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

စပိန်လူမျိုး ဘောလုံးကစားသမားကင်းထောက်ဖြစ်သူ ရီဘောလ်တာသည် မန်ယူအတွက် တစ်နှစ်တာဝန်ထမ်းဆောင်ပေးခဲ့အပြီးတွင် ရုရှားကလပ် ဇင်းနစ်ထံသို့ ပြောင်းရွှေ့သွားခဲ့ကာ အမ်မရီကန်နှင့် ဂိုရက်ဇ်ကာတို့ မန်ယူထံသို့ ပြောင်းရွှေ့ဖြစ်နိုင်စေရန် အကောင်းဆုံးသော အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးနိုင်ခဲ့သော်လည်း အသင်းတာဝန်ရှိသူများမှာ မည်သည့်အတွက်ကြောင့် ယင်းအခွင့်အရေးကို အမိအရ မဖမ်းဆုပ်ခဲ့သည်ကို ၎င်းအနေနှင့် နားမလည်နိုင်ဖြစ်ရပါကြောင်း ရီဘောလ်တာက မှတ်ချက်ပေးသွားခဲ့သေးသည်။

အမ်မရီကန်သည် လီဗာပူးနှင့်စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် စီးရီးအေကလပ် ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ပြီး ရှော်ကေးကွင်းလယ်ကစားသမား ဂိုရက်ဇ်ကာကိုမူ ဘိုင်ယန်မြူးနစ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် စာချုပ်ချုပ်ဆို ခေါ်ယူသွားခဲ့ခြင်းကြောင့် အဆုံးသတ်တွင် မန်ယူမှာ ယင်းကစားသမားနှစ်ဦးလုံးကို လက်လွှတ်လိုက်ရသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ရီဘောလ်တာက “အမ်မရီကန်နဲ့ ဂိုရက်ဇ်ကာတို့ဟာ မန်ယူဆီကို ပြောင်းရွှေ့ရောက်ရှိဖို့ အရမ်းပဲ နီးစပ်ခဲ့ပါတယ်။ ကျွန်တော်ဟာ အဲ့ဒီကစားသမားနှစ်ယောက်လုံးနဲ့ သဘောတူညီချက်တွေ ရယူပေးခဲ့တာပါ။ ဒါပေမဲ့ အသင်းတာဝန်ရှိသူတွေက တွေဝေတုံ့ဆိုင်းနေခဲ့ပါတယ်။ ဒါကြောင့်လည်း အမ်မရီကန်နဲ့ ဂိုရက်ဇ်ကာတို့က တခြားအသင်းတွေကို ရွေးချယ်သွားခဲ့တာပါ”ဟု ပြောကြားသွားခဲ့သည်။



  • VIA