News

POST TYPE

SPORTS

လေလွင့်ခွေးတစ်ကောင်ကို အသင်းလက်ထောက်နည်းပြအဖြစ် ပါရာဂွေးကလပ်အသင်းတစ်သင်း ခန့်အပ်
06-Sep-2018


အာဆွန်စီယို၊ စက်တင်ဘာ ၆

ပါရာဂွေးဘောလုံးကလပ် စပို့တင်းကလပ်တူး ဒီမာယိုအသင်းသည် လေလွင့်ခွေးတစ်ကောင်ကို အသင်း၏လက်ထောက်နည်းပြအဖြစ် တရားဝင်ခန့်အပ် တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

စပို့တင်းကလပ်တူး ဒီမာယိုအသင်းကို ဦးဆောင်နေသည့် နည်းပြ ကားလို့စ် ဂျာရာ ဆာဂွီယာသည် ယင်းလေလွင့်ခွေးငယ်ကို အစာတစ်ကြိမ် ကျွေးခဲ့ပြီးချိန်ကစ၍ ခွေးငယ်မှာ ၎င်းသွားရာနောက်သို့ တကောက်ကောက်လိုက်နေခဲ့ပြီး လက်ရှိတွင် အသင်းက ၎င်းကို လက်ထောက်နည်းပြအဖြစ် အခွင့်အရေးပေးလိုက်ပြီဖြစ်သဖြင့် အသင်း၏ပွဲစဉ်များကို နည်းပြ ဆာဂွီယာ၏နံဘေးမှနေ၍ ယင်းခွေးငယ်က ကြီးကြပ်ခွင့်ရသွားပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် နည်းပြ ဆာဂွီယာက “တစ်ရက်မှာ အလုပ်ကိုလာတော့ ဒီကောင့်ကို လမ်းဘေးမှာတွေ့တာနဲ့ ကျွန်တော်က ပိုင်မုန့်တစ်ဖဲ့ ပစ်ကျွေးလိုက်တယ်ဗျ။ အဲ့ဒီနေ့ကစပြီး ကျွန်တော်အလုပ်ဆီလာတိုင်းမှာ သူက ကျွန်တော့်ကို ဆီးကြိုနှုတ်ဆက်တော့တာပါပဲ။ ကျွန်တော့်ဆီကနေ ခွာမသွားဘဲ လုံးဝကို ကပ်နေတော့တာပါ။ အခုဆို ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေကိုမြင်တာနဲ့ သူက ထိုးဟောင်တတ်တဲ့အကျင့်တောင် ရနေပါပြီ”ဟု ပြောကြားသွားခဲ့သည်။

နည်းပြ ဆာဂွီယာသည် အသင်း၏လက်ထောက်နည်းပြအဖြစ် တာဝန်ပေးခန့်အပ်ခံလိုက်ရသည့် ၎င်း၏ခွေးငယ်ကို တီဆာပါရာဟု အမည်ပေးထားပြီး တီဆာပါရာမှာ အသင်း၏လေ့ကျင့်ရေးအစီအစဉ်များတွင်လည်း အသင်းသားများနှင့်အတူတကွ လေ့ကျင့်ရေးဆင်းကြောင်းလည်း စပို့တင်းကလပ်တူး ဒီမာယိုအသင်းက သတင်းထုတ်ပြန်ထားသည်။