News

POST TYPE

SPORTS

နာမည်ကျော်သွားခဲ့သည့် အောင်ပွဲခံဟန်ကို ဗာဒီ၏ရင်သွေးများက သင်ကြားပေးခဲ့ခြင်းဟု အယ်လ်လီ ဖွင့်ဟ
06-Sep-2018


လန်ဒန်၊ စက်တင်ဘာ ၆

စပါးကွင်းလယ်ကစားသမား အယ်လ်လီသည် ကမ္ဘာတစ်လွှားရှိ လူအများအကြားတွင် ထင်ပေါ်ကျော်ကြားသွားခဲ့သော အယ်လ်လီအောင်ပွဲခံဟန်(Alli Celebration)ကို သင်ကြားပေးခဲ့သူများမှာ လက်စတာတိုက်စစ်မှူး ဗာဒီ၏ရင်သွေးများဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။

အယ်လ်လီသည် စပါးက နယူးကာဆယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ရာသီဖွင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ဂိုးသွင်းယူပေးလိုက်နိုင်ပြီးနောက် လက်ကို ပြောင်းပြန်အနေအထားလုပ်၍ မျက်လုံးတွင်ကပ်ကာ အောင်ပွဲခံသွားခဲ့ပြီး ယင်းအောင်ပွဲခံဟန်မှာ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် အယ်လ်လီစိန်ခေါ်မှု(Alli Challenge)အဖြစ် ရေပန်းစားသွားခဲ့ခြင်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အယ်လ်လီက “ကမ္ဘာ့ဖလားပြိုင်ပွဲကာလတုန်းက အသင်းတည်းခိုရာဟိုတယ်ဆီကို မိသားစုတွေ လာရောက်ခွင့်ရတဲ့ နေ့အနည်းငယ်ရှိခဲ့ပါတယ်။ တစ်နေ့မွန်းလွဲပိုင်းမှာ ဗာဒီရဲ့ရင်သွေးလေးတွေက ကျွန်တော့်အနားကို ရောက်လာပြီး ဦးဦး….ဒီလိုလုပ်တတ်လားဆိုပြီး ကျွန်တော်အောင်ပွဲခံတဲ့လက်ဟန်ကို လုပ်ပြခဲ့ပါတယ်။ ကျွန်တော်လုပ်ကြည့်တော့ ရတယ်ဗျ။ ဒါပေမဲ့ တစ်ချို့တွေကတော့ လုပ်မရဘဲ အခက်တွေ့နေခဲ့ကြတယ်။ သူတို့ကို ကြည့်ပြီး ရယ်နေရတာပေါ့ဗျာ။ နောက်မှသိလိုက်ရတာက လင်းဂတ်ဒ်ရဲ့ညီက ဗာဒီရဲ့ရင်သွေးတွေကို အဲ့ဒီလက်ဟန်လုပ်နည်းကို သင်ပေးလိုက်တာပါတဲ့။ နွေရာသီအားလပ်ရက်အပန်းဖြေခရီးသွားတော့ ကျွန်တော်က ကျွန်တော့်မိတ်ဆွေကို အဲ့ဒီလက်ဟန်လုပ်ပြ၊ သူတို့ကလည်း လိုက်လုပ်ကြနဲ့ တကယ့်ကိုပျော်စရာပါပဲ။ အဲ့ဒါကြောင့် ကျွန်တော့်အပျော်ကို ပရိသတ်တွေဆီ မျှဝေလိုက်တာပါ”ဟု ပြောကြားသွားခဲ့သည်။