News

POST TYPE

SPORTS

တယ်ရီနှင့် လူးကပ်စ်ဟာနန်ဒက်ဇ်တို့ကိုခေါ်ယူရန် မန်ယူ စီစဉ်
06-Sep-2018


မန်ချက်စတာ၊ စက်တင်ဘာ ၆

မန်ယူအသင်းနည်းပြ မော်ရင်ညိုသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ၎င်း၏တပည့်ဟောင်း ဂျွန်တယ်ရီနှင့် အက်သလက်တီကိုနောက်ခံလူ လူးကပ်စ်ဟာနန်ဒက်စ်တို့ကိုခေါ်ယူရန် စီစဉ်နေကြောင်း Daily Star က ဖော်ပြထားသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ဂျွန်တယ်ရီသည် လွန်ခဲ့သည့်မေလ၌ ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာနှင့် လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ ကစားသမားဘ၀သို့ ရောက်ရှိသွားခဲ့ပြီး ယင်းအတွက် ၎င်းကိုခေါ်ယူမည်ဆိုပါက အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းထားသည့်တိုင် မန်ယူက ခေါ်ယူခွင့်ရှိနေသည်။

.မော်ရင်ညိုသည် အသင်းဗဟိုခံစစ်အကျပ်အတည်းကို တယ်ရီက ယာယီဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယူဆထားပြီး လူးကပ်စ်ဟာနန်ဒက်ဇ်ကိုမူ ရေရှည်အတွက် ရည်ရွယ်ကာ လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မော်ရင်ညိုက ၀ယ်ယူလိုနေခြင်းဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်သာရှိသေးသည့် လူးကပ်စ်ဟာနန်ဒက်ဇ်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော ပြင်သစ်အသင်းတွင် ထည့်သွင်းရွေးချယ်ခြင်း ခံခဲ့ရသူဖြစ်ပြီး ၎င်းကို အက်သလက်တီကိုက ၂၀၂၄ ခုနှစ် ဇွန်လတိုင်သည်အထိ သက်တမ်းရှည်စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးထားသည်။

လူးကပ်စ်ဟာနန်ဒက်ဇ်သည် ဗဟိုခံစစ်တွင်သာမကဘဲ ဘယ်နောက်ခံနေရာ၌ပါ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး ၎င်း၏စာချုပ်ဖျက်သိမ်းခတန်ကြေးကို အက်သလက်တီကိုက ပေါင် ၇၂ သန်း သတ်မှတ်ထားသည်။