News

POST TYPE

SPORTS

ဘရိတ်ဇစ်ကြောင့် ပရီးမီးယားလိဂ် ထိခိုက်မှုရှိလာမည်ကို တာဝန်ရှိသူများ စိုးရိမ်
05-Sep-2018


လန်ဒန်၊ စက်တင်ဘာ ၅

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ရှိသူများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှနေ၍ ဗြိတိန်နုတ်ထွက်ခြင်း(ဘရိတ်ဇစ်)ဖြစ်စဉ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဗြိတိန်အစိုးဂအာဏာပိုင်များသည် ဘရိတ်ဇစ်ဖြစ်စဉ်နှင့်သက်ဆိုင်သော ဥပဒေများကို အတည်ပြုပြဌာန်းလိုက်မည်ဆိုပါက ပရီးမီးယားလိဂ်အသင်းများအနေနှင့် အခြားသောဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကစားသမားများကို ထည့်သွင်းအသုံးပြုရေးတွင် အတားအဆီးများ ရှိသွားတော့မည်ဖြစ်သည်။

ဘရိတ်ဇစ်တွင်ပါရှိသော စည်းမျဉ်းတစ်ရပ်အရ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုခုမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ကစားသမားသည် အသက် ၁၈ နှစ်မပြည့်သေးပါက ဗြိတိန်တွင် အလုပ်လုပ်ရန် ခွင့်ပြုမိန့်ရနိုင်တော့မည် မဟုတ်သည့်အတွက် ကလပ်အသင်းများမှာ ထိခိုက်မှုရှိလာတော့မည်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်မှသာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကစားသမားများကို ဗြိတိန်တွင် အလုပ်လုပ်ခွင့်ပေးမည်ဆိုခြင်းမှာ လက်သင့်ခံနိုင်ဖွယ်ရာ အခြေအနေမျိုးမဟုတ်ဟု ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက ကန့်ကွက်ဝေဖန်ထားသည်။

ဘရိတ်ဇစ်နှင့်သက်ဆိုင်သောဥပဒေများ အတည်ဖြစ်သွားခဲ့ပါက ဗြိတိန်၏အခွန်ကောက်ခံမှုနှုန်းထားမှာ လက်ရှိထက် ပိုမိုမြင့်တက်သွားဖွယ်ရှိနေပြီး ယင်းအချက်ကြောင့်လည်း ထိပ်တန်းအဆင့်ကစားသမားများမှာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရေးအတွက် တွေဝေမှုများရှိလာနိုင်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။