News

POST TYPE

SPORTS

အဝေးဂိုးစည်းမျဉ်းကို ပယ်ဖျက်ပေးပါရန် ယူအီးအက်ဖ်အေကို နည်းပြများ တောင်းဆို
05-Sep-2018


လန်ဒန်၊ စက်တင်ဘာ ၅

ဥရောပဘောလုံးလောကရှိ ထိပ်သီးနည်းပြများသည် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ကြီးမှူးကျင်းပနေသော ပြိုင်ပွဲများတွင် အဝေးဂိုးစည်းမျဉ်း အသုံးပြုနေသည့်စနစ်ကို ပယ်ဖျက်ပေးပါရန် တောင်းဆိုလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။

ဥရောပဘောလုံးလောကရှိ ထိပ်သီးနည်းပြများသည် ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် ကျင်းပခဲ့သည့် ယူအီးအက်ဖ်အေ နှစ်ပတ်လည်အစည်းအဝေးတွင် ယင်းအဆိုပြုချက်ကို တင်ပြခဲ့ခြင်းဖြစ်ပြီး ဥရောပရှိ ထိပ်သီးလိဂ်များ၏ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ပိတ်သိမ်းနိုင်စေရန်လည်း ယူအီးအက်ဖ်အေက စီစဉ်ပေးစေလိုကြောင်း ၎င်းတို့က ဆက်လက် ပြောကြားသွားခဲ့သေးသည်။

ယူအီးအက်ဖ်အေသည် လက်ရှိတွင် အဝေးဂိုးစည်းမျဉ်းစနစ်ပယ်ဖျက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဖြစ်ပြီး ပွဲရလဒ်မှာ သရေဖြစ်နေပါလျက်နှင့် အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲက ထွက်ရခြင်းမှာ အသင်းများအတွက် လွန်စွာနစ်နာကြောင်း နည်းပြများက အရေးဆိုထားကြသည်။

ယူအီးအက်ဖ်အေသည် အဝေးဂိုးစည်းမျဉ်းစနစ်ကို ၁၉၆၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလက အဝေးကွင်းပွဲစဉ်လာရောက်ကစားရသည့်အသင်းမှာ လမ်းခရီးအခက်အခဲများစွာရှိသဖြင့် ယင်းကို အခွင့်အရေးပေးသောသဘောဖြင့် အဝေးဂိုးစည်းမျဉ်းစနစ်ကို ယူအီးအက်ဖ်အေက ဖန်တီးခဲ့ခြင်းဖြစ်သည်။