News

POST TYPE

SPORTS

ဒဏ်ရာပြဿနာဖြင့် မကြုံဆုံခဲ့ရပါက အာဆင်နယ်ကို ကော့စီရယ်လ်နီ စွန့်ခွာပြီးဖြစ်နေနိုင်သည်ဟု အေးဂျင့်ပြောကြား
05-Sep-2018 tagged as Soccer Premier League Arsenal Koscielny


လန်ဒန်၊ စက်တင်ဘာ ၅

အာဆင်နယ်နောက်ခံလူ ကော့စီရယ်လ်နီ၏အေးဂျင့်ဖြစ်သူ စတီဖိန်း ကော်ဘစ်သည် ၎င်း၏ကစားသမားဖြစ်သူမှာ ဒဏ်ရာပြဿနာဖြင့် မကြုံဆုံခဲ့ပါက အာဆင်နယ်ကို စွန့်ခွာပြီးဖြစ်နေလိမ့်မည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

ကော့စီရယ်လ်နီသည် လွန်ခဲ့သည့်ဧပြီလ၌ ခြေဖနောင့်ကြော စုတ်ပြဲသွားခဲ့သည့်အတွက် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို လွဲချော်လိုက်ရသည့်အပြင် ကာလရှည်ကြာ အနားယူရမည့်အခြေအနေတစ်ရပ်ကိုလည်း ရင်ဆိုင်လိုက်ရပြီး ကော့စီရယ်လ်နီမှာ အာဆင်နယ်ကို စွန့်ခွာချိန်တွင် အခြားသောပရီးမီးယားလိဂ်အသင်းတစ်သင်းထံသို့ ဆက်လက်ပြောင်းရွှေ့တော့မည်မဟုတ်ဟုလည်း အေးဂျင့်ကော်ဘစ်က အသိပေးသွားခဲ့သေးသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကော့စီရယ်လ်နီနှင့် အာဆင်နယ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် သက်တမ်းအားဖြင့် ၂ နှစ်သာ ကျန်ရှိတော့ပြီး တရုတ်ဆူပါလိဂ်နှင့် ပြင်သစ်လီဂူးကလပ်များမှာ ကော့စီရယ်လ်နီကိုခေါ်ယူရန်အတွက် ယခုအချိန်တိုင်သည်အထိ ဆက်သွယ်မှုများရှိနေဆဲဖြစ်ကြောင်း ကော်ဘစ်က ပြောကြားထားသေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အေးဂျင့်ကော်ဘစ်က “ကော့စီရယ်လ်နီဟာ ဒဏ်ရာသာ မရခဲ့ဘူးဆိုရင် အခုအချိန်မှာ နောက်အသင်းတစ်သင်းဆီကို သူရောက်နေပြီးဖြစ်နေနိုင်ပါတယ်။ အသက်အရွယ်အရ ပရီးမီးယားလိဂ်မှာ ကစားဖို့ မသင့်တော့်တော့ဘူးလို့ သူက ယူဆထားခဲ့တာပါ။ လိုင်ယွန်၊ မာဆေးနဲ့ မိုနာကိုတို့ဟာ ကော့စီရယ်လ်နီကိုခေါ်ယူဖို့အတွက် အခုအချိန်တိုင်တဲ့အထိ ဆက်သွယ်နေကြဆဲပဲဖြစ်ပါတယ်”ဟု အသိပေးသွားခဲ့သည်။