News

POST TYPE

SPORTS

ဇီဒန်း၏လက်အောက်တွင် ကစားခွင့်ရနိုင်ရန် ပေါ့ဂ်ဘာ ဆန္ဒရှိ
05-Sep-2018

မန်ချက်စတာ၊ စက်တင်ဘာ ၅

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် နည်းပြ ဇီဒန်း၏ဦးဆောင်မှုအောက်တွင် ကစားခွင့်ရနိုင်ရန် ဆန္ဒရှိနေဆဲဖြစ်ပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင်မူ ၎င်းအနေနှင့် ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပေါ့ဂ်ဘာက ပြောကြားထားကြောင်း Daily Star က ဖော်ပြထားသည်။

ပေါ့ဂ်ဘာသည် ၎င်းအနေနှင့် ဇီဒန်းကို စံနမူထား၍ ဘောလုံးကစားသမားဘဝကို အစပြုခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟဝန်ခံထားပြီး ဇီဒန်း၏လက်အောက်၌ ကစားခွင့်ရနိုင်မည့် အခွင့်အရေးကို တစ်ကြိမ်ပယ်ချခဲ့ပြီးပြီဖြစ်၍ နောက်တစ်ကြိမ်တွင်မူ လက်လွတ်ခံတော့မည်မဟုတ်ဟု ပေါ့ဂ်ဘာက အသိပေးထားသည်။

ပေါ့ဂ်ဘာသည် ဂျူဗင်တပ်ထံတွင် ကစားသမားဘဝဖြတ်သန်းနေခဲ့စဉ်ကာလအတွင်း ၎င်းကိုခေါ်ယူရန် မန်ယူနှင့်အပြိုင် ရီးရဲလ်မက်ဒရစ်ကလည်း ကမ်းလှမ်းဆက်သွယ်ခဲ့ပြီး ယင်းအချိန်က မန်ယူထံတွင် ၎င်း၏မပြီးဆုံးသေးသော လုပ်ငန်းစဉ်များ ကျန်ရှိနေသေးခြင်းကြောင့် ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟု ပေါ့ဂ်ဘာက ရှင်းပြထားသည်။

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် ဇီဒန်းကို ခေါ်ယူရန် ရည်မှန်းထားပြီး မန်ယူက ဘန်လေကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင်မူ နည်းပြ မော်ရင်ညိုက ၎င်းအနေနှင့် ရာထူးထုတ်ပယ်ခံရမည့်အရေးကို စိုးရိမ်ခြင်းမရှိတော့ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။



  • VIA