News

POST TYPE

SPORTS

ပယ်လီဂရီနီကို ရာထူးထုတ်ပယ်မည်ဆိုပါက ပေါင် ၁၅ သန်း ၀က်စ်ဟမ်း ကုန်ကျမည်၊ နှစ်ပွဲသာ ဆက်လက် အချိန်ပေးဖွယ်ရှိ
04-Sep-2018


လန်ဒန်၊ စက်တင်ဘာ ၎

ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် နည်းပြ ပယ်လီဂရီနီကို ရာထူးထုတ်ပယ်မည်ဆိုပါက လျော်ကြေးငွေပမာဏ ပေါင် ၁၅ သန်း ပေးရလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် အသင်းရလဒ်များ လွန်စွာ ဆိုးရွားနေခြင်းကြောင့် ပယ်လီဂရီနီကို အသင်းနည်းပြအဖြစ် ဆက်လက် ထားရှိသင့်၊ မသင့်ကို ၀က်စ်ဟမ်းအသင်းတာဝန်ရှိသူများက အလေးအနက်ထား စဉ်းစားနေကြပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဝက်စ်ဟမ်းသည် ပယ်လီဂရီနီကို တစ်နှစ်လုပ်ခ ပေါင်ငါးသန်းဖြင့် သုံးနှစ်သက်တမ်းစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးထားခြင်းဖြစ်ကာ ယင်းအတွက် ၎င်းကို ရာထူးထုတ်ပယ်မည်ဆိုပါက စာချုပ်သက်တမ်း အစမှအဆုံးတိုင်သည်အထိ လုပ်ခလစာကို ၀က်စ်ဟမ်းက လျော်ကြေးအဖြစ် ပေးရတော့မည်ဖြစ်သည်။

ဝက်စ်ဟမ်းသည် လက်ရှိတွင် ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ်လေးပွဲ၌ လေးပွဲဆက်တိုက် အရှုံးရလဒ်ကြုံရကာ အမှတ်ပေးဇယားအောက်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး ယင်းအတွက် ၎င်း၏အနာဂတ်ကို ရှေ့လာမည့် ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲ၏ရလဒ်များအပေါ်တွင်မူတည်၍ ဆုံးဖြတ်ရန် ၀က်စ်ဟမ်းအသင်းတာဝန်ရှိသူများက စီစဉ်နေကြပြီဖြစ်သည်။

ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ကစားသမားများစွာကို ငွေကုန်ကြေးကျခံခေါ်ယူ၍ အသင်းကို အင်အားဖြည့်တင်းပေးခဲ့ပြီး ၀က်စ်ဟမ်းမှာ ရှေ့လာမည့်ပွဲစဉ်နှစ်ပွဲတွင် အဲဗာတန်၊ ချယ်လ်ဆီးတို့နှင့် ကစားရလိမ့်မည်ဖြစ်သည်။