News

POST TYPE

SPORTS

ယူအက်စ်အိုးပင်းဂရင်းဆလင်း စတုတ္ထအဆင့်တွင် ဖက်ဒါရာနှင့် ရှာရာပိုဗာတို့ ရှုံးပွဲကြုံ
04-Sep-2018


နယူးယောက်၊ စက်တင်ဘာ ၎

အမေရိကန်ပြည်ထောင်စုတွင် ကျင်းပနေသော ယူအက်စ်အိုးပင်းဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်တွင် နာမည်ကြီးတင်းနစ်ကစားသမားများဖြစ်သော ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒါရာနှင့် ရုရှားတင်းနစ်မယ် ရှာရာပိုဗာတို့ ပြိုင်ဘက်များကို အသီးသီး အရေးနိမ့်ကာ ပြိုင်ပွဲမှနေ၍ ထွက်သွားခဲ့ကြရပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

ယူအက်စ်အိုးပင်းဂရင်းဆလင်းပြိုင်ပွဲတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်တိုင်သည်အထိ ငါးကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ဖူးသော ဖက်ဒါရာသည် ကမ္ဘာ့အဆင့် ၅၅ နေရာတွင်ရပ်တည်နေသော သြစတြေးလျတင်းနစ်ကစားသမား ဂျွန်မီလ်မန်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှနေ၍ ထွက်လိုက်ရခြင်းဖြစ်ပြီး ဖက်ဒါရာမှာ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ယူအက်စ်အိုးပင်းဂရင်းဆလင်းပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၅၀ ကျော်တွင် ရပ်တည်နေသော ကစားသမားတစ်ဦးကို ပထမဆုံးအကြိမ် ရှုံးနိမ့်သွားခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

မီလ်မန်းနှင့် ဖက်ဒါရာတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် ပထမပွဲလတ်၌ ဖက်ဒါရာက ၃-၆ ဖြင့် အနိုင်ရရှိခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ဆက်လက်အားပြိုင်ခဲ့သော ပွဲလတ်သုံးပွဲ၌ မီလ်မန်းက ၇-၅၊ ၇-၆(၉-၇)၊ ၇-၆(၇-၃) တို့ဖြင့် ဆက်တိုက် အောင်ပွဲခံသွားနိုင်ခဲ့ပြီး ၎င်းတို့နှစ်ဦး ကစားခဲ့သောပွဲစဉ်မှာ ပွဲချိန်အားဖြင့် ၃ နာရီနှင့် ၃၅ မိနစ် ကြာမြင့်ခဲ့သည်။

မီလ်မန်းသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဂရင်းဆလင်းပြိုင်ပွဲတစ်ခု၏ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကာ ကွာတားဖိုင်နယ်အဆင့်တွင် ယူအက်စ်အိုးပင်းပြိုင်ပွဲ၌ နှစ်ကြိမ်ချန်ပီယံဖြစ်ဖူးသော ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ကို မီလ်မန်းက ဆက်လက်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

ရုရှားတင်းနစ်မယ် ရှာရာပိုဗာသည် ယူအက်စ်အိုးပင်းဂရင်းဆလင်း တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်တွင် စပိန်တင်းနစ်မယ် ကာလာ ဆွာရက်ဇ် နာဗာရိုနှင့် ကစားခဲ့ရခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် နာဗာရိုက ရှာရာပိုဗာကို ၆-၄၊ ၆-၃ ဖြင့် ပွဲလတ်နှစ်ပွဲပြတ် အနိုင်ကစားကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ခြင်းဖြစ်သည်။