News

POST TYPE

SPORTS

စီရော်နယ်ဒို မရှိတော့ခြင်းကြောင့် ချန်ပီယံလိဂ်ချန်ပီယံဘွဲ့ကို ရီးရဲလ်မက်ဒရစ် ကာကွယ်နိုင်တော့မည်မဟုတ်ဟု မက်ဆီ ယုံကြည်
04-Sep-2018 tagged as Soccer La Liga Barcelona Messi


ဘာစီလိုနာ၊ စက်တင်ဘာ ၎

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် လက်ရှိဘောလုံးရာသီတွင် ရီးရဲလ်မက်ဒရစ်ထံ၌ စီရော်နယ်ဒို မရှိတော့သည့်အတွက် ချန်ပီယံလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ရေးမှာ လွန်စွာခက်ခဲ့သွားတော့မည်ဟု ယုံကြည်လျက်ရှိကြောင်း Marca က ဖော်ပြထားသည်။

မက်ဆီသည် စီရော်နယ်ဒိုကို ပြိုင်ဘက်ကောင်းတစ်ဦးအဖြစ် မှတ်ချက်ပေးချီးကျူးသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှာ စီရော်နယ်ဒို၏ကွက်လပ်ကို အစားဖြည့်ရန် ကစားသမားခေါ်ယူနိုင်ခဲ့ခြင်း မရှိသည့်ဒဏ်ကို ချန်ပီယံလိဂ်တွင် ကျိန်းသေခံစားရလိမ့်မည်ဟု မက်ဆီက ပြောကြားသွားခဲ့သည်။

ရီးရဲလ်မက်ဒရစ်သည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းကို အင်အားဖြည့်ရန်အတွက် ဂိုးသမား ကော်တွာ၊ ညာနောက်ခံလူ အော့ဒရီအိုဇိုဇာနှင့် တိုက်စစ်မှူး မာရီယာနိုတို့ကို ခေါ်ယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်၏လက်ရှိကစားသမားအစုအဖွဲ့တွင် စီရော်နယ်ဒိုကဲ့သို့ ပွဲအဖြေကို ရုတ်ချည်းပြောင်းလဲပေးနိုင်သော ကစားသမား ရှိမနေခြင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရာတွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု မက်ဆီက ယူဆထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မက်ဆီက “စီရော်နယ်ဒို မရှိဘဲနဲ့တော့ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ် အစွမ်းပြနိုင်ဖို့က သိပ်မလွယ်လောက်ပါဘူး။ သူတို့ဟာ လက်ရှိမှာ ပြီးခဲ့တဲ့နှစ်တွေကထက် အင်အားအရမ်းပဲ နည်းပါးသွားခဲ့ပါပြီ။ ဒီနှစ်မှာ ဂျူဗင်တပ်က ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးရယူနိုင်ဖို့ ရေပန်းစားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က စီရော်နယ်ဒိုကို ပိုင်ဆိုင်ထားလို့ပါ။ ရီးရဲလ်မက်ဒရစ်ကနေပြီး စီရော်နယ်ဒို ထွက်ခွာသွားလိမ့်မယ်လို့ ကျွန်တော် လုံးဝ ထင်မှတ်မထားခဲ့ပါဘူး။ သူ့ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော် အံ့အားသင့်ရပါတယ်”ဟု ပြောကြားသွားခဲ့သည်။