News

POST TYPE

SPORTS

နောက်ကျောဒဏ်ရာရရှိနေသည့်အတွက် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှနေ၍ စတာလင်း နုတ်ထွက်

လန်ဒန်၊ စက်တင်ဘာ ၎

မန်စီးတီးတိုက်စစ်တောင်ပံကစားသမား စတာလင်းသည် နောက်ကျောဒဏ်ရာရရှိနေသည်ကို အကြောင်းပြ၍ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ပြီဖြစ်ကာ နည်းပြ ဆောက်ဂိတ်ကမူ ၎င်းအနေနှင့် စတာလင်း၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် အခြားသောကစားသမားတစ်ဦး အစားထိုးခေါ်ယူသွားမည်မဟုတ်ဟု ဖွင့်ဟအသိပေးထားကြောင်း Daily Mail က ဖော်ပြထားသည်။

နည်းပြ ဆောက်ဂိတ်သည် နိုင်ငံတကာပွဲစဉ်များ ကစားရန်အတွက် ရွေးချယ်ခေါ်ယူထားသော ကစားသမားစာရင်းတွင် ပါရှိနေသည့် လယ်လာနာနှင့် အယ်လ်လီတို့မှာ စတာလင်း၏နေရာကို အစားဖြည့်ဝင်ရောက်နိုင်သူများဖြစ်သည့်အတွက် ကစားသမားသစ် ထပ်မံမခေါ်ယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရှင်းပြထားပြီး စတာလင်းမှာ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက် အမာခံကစားသမားတစ်ဦးအဖြစ် ပွဲထွက်ခွင့်ရခဲ့သူဖြစ်သည်။

အင်္ဂလန်သည် ယခုသီတင်းပတ်တွင် စပိန်နှင့် ဥရောပနိုင်ငံများလိဂ်ပြိုင်ပွဲ ပွဲစဉ်၊ ဆွစ်ဇာလန်နှင့် နိုင်ငံတကာခြေစမ်းပွဲ ပွဲစဉ်များ ယှဉ်ပြိုင်သွားလိမ့်မည်ဖြစ်ပြီး ဥရောပနိုင်ငံများလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်မှာ လိဂ်(က)၏အုပ်စုအမှတ်(၄)၌ စပိန်၊ ခရိုအေးရှားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။