News

POST TYPE

SPORTS

ဆာလားဟ်နှင့် ဒန်နီအင့်ဂ်တို့ အလောင်းအစား လုပ်ထား၊ ဖာဘင်ညိုကို မကြာမီ ပွဲထုတ်မည်ဟု ဂျာဂင်ကလော့ပ် အသိပေး
03-Sep-2018


လီဗာပူး၊ စက်တင်ဘာ ၃

လီဗာပူးတိုက်စစ်မှူး ဆာလားဟ်နှင့် လီဗာပူးမှနေ၍ ဆောက်သမ်တန်ထံသို့ အငှားသွားရောက်ကစားနေသည့် တိုက်စစ်မှူး ဒန်နီအင့်ဂ်တို့သည် လက်ရှိဘောလုံးရာသီတွင် ၎င်းတို့နှစ်ဦးအနက် မည်သူက ပရီးမီးယားလိဂ်သွင်းဂိုး ပိုမိုရရှိမည်ဆိုခြင်းကို အလောင်းအစားလုပ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။

ဆာလားဟ်နှင့် ဒန်နီအင့်ဂ်တို့သည် လက်ရှိအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသည့် ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲ၌ သက်ဆိုင်ရာကလပ်အသင်းများအတွက် နှစ်ဂိုးစီ သွင်းယူပေးထားပြီးပြီဖြစ်ကာ ယခုအလောင်းအစားမှာ ၎င်းတို့နှစ်ဦးလုံးကို စိတ်ဓာတ်ရေးရာ ခွန်အားများ ပေးအပ်လျက်ရှိကြောင်း ဒန်နီအင့်ဂ်က ပြောကြားသွားခဲ့သည်။

ဆာလားဟ်သည် ယမန်နှစ်ဘောလုံးရာသီ၌ လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုးပေါင်း ၄၄ ဂိုး ရယူပေးနိုင်ခဲ့ကာ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကိုလည်း သွင်းဂိုး ၃၂ ဂိုးဖြင့် ၎င်းက ရယူသွားနိုင်ခဲ့သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးကွင်းလယ်ကစားသမားသစ် ဖာဘင်ညိုကို နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့် သီတင်းပတ်အပြီးတွင် ပြန်လည်စတင်မည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အသင်းအတွက် စတင်ပွဲထွက်ခွင့်များ ပေးအပ်သွားတော့မည်ဟု ဖွင့်ဟပြောကြားလိုက်ပြီဖြစ်ပြီး ဖာဘင်ညိုကို ပွဲထွက်ကစားခွင့် မပေးဘဲ ချန်လှပ်ထားသည်မှာ ဒဏ်ရာရရှိနေခြင်းကြောင့် မဟုတ်ဘဲ အသင်းကစားဟန်နှင့် အံမ၀င်သေးခြင်းကြောင့်သာဖြစ်သည်ဟု ဂျာဂင်ကလော့ပ်က ရှင်းပြထားသည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လီဗာပူးက ၀က်စ်ဟမ်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ရာသီဖွင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဖာဘင်ညိုကို အသင်းလူစာရင်း၌ ထည့်သွင်းခေါ်ယူလာခဲ့သော်လည်း ယင်းနောက်ပိုင်းတွင်ယှဉ်ပြိုင်ရသည့် ပွဲစဉ်သုံးပွဲ၌မူ ဆက်တိုက်ချန်လှပ်ထားခဲ့ကာ ၎င်းအနေနှင့် ပရီးမီးယားလိဂ်ကစားဟန်နှင့် အသားကျရန် အချိန်ယူရမည်ကို နားလည်လက်ခံထားပါကြောင်း ဖာဘင်ညိုကလည်း ဖွင့်ဟ၀န်ခံထားသည်။