News

POST TYPE

SPORTS

ခံစစ်အကျပ်အတည်းကို ဖယ်လိုင်နီ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မော်ရင်ညို ယုံကြည်
03-Sep-2018


မန်ချက်စတာ၊ စက်တင်ဘာ ၃

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ဘန်လေကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်၌ ဖယ်လိုင်နီကို မာတစ်နှင့်တွဲဖက်ပွဲထုတ်ခဲ့ပြီး လက်ရှိအခြေအနေများအရ ဖယ်လိုင်နီမှာ မန်ယူ၏ခံစစ်အကျပ်အတည်းကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မော်ရင်ညိုက ယုံကြည်ချက်ထားရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

ဖယ်လိုင်နီနှင့် မာတစ်တို့သည် မန်ယူက ဘန်လေကို အနိုင်ရရှိခဲ့သော ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းဗဟိုခံစစ်ကို အလှည့်ကျဆင်းကူပေးနိုင်ခဲ့ပြီး ယင်းသို့ ဖယ်လိုင်နီနှင့် မာတစ်တို့က ခံစစ်ကို ဆင်းကူပေးနိုင်ခဲ့သည့်အတွက် စမောလင်းနှင့် လင်ဒီလော့ဖ်တို့မှာ ဖိအားဒဏ်များမှနေ၍ အတန်အသင့် ကင်းလွတ်ခွင့်ရရှိကာ အမှားအယွင်း လွန်စွာနည်းပါးခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ကြရသည်။

မော်ရင်ညိုသည် ခံစစ်ပိုင်းဆိုင်ရာ စိတ်ချရမည်ဆိုပါက မန်ယူမှာလည်း မန်စီးတီး၊ လီဗာပူးနှင့် ချယ်လ်ဆီးတို့ကဲ့သို့ တိုက်စစ်အားပြုကစားရန် ခက်ခဲလိမ့်မည်မဟုတ်ဟု အသိပေးထားပြီး နွေဈေးကွက်အတွင်း ခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ထိပ်တန်းအဆင့် ကစားသမားတစ်ဦးခေါ်ယူပေးပါရန် မော်ရင်ညိုက တောင်းဆိုခဲ့သည်ကို အသင်းဒါရိုက်တာဘုတ်အဖွဲ့ဘက်က လျစ်လျူရှုခဲ့သည့်အကျိုးဆက်မှာ လက်ရှိတွင် အသင်းကို ကြီးစွာရိုက်ခတ်လျက်ရှိသည်ဟု မန်ယူပရိသတ်များကလည်း ယူဆထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ဘန်လေနဲ့ပွဲမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ အစပြုမှုတစ်ခုကို ပြန်ရလိုက်ပါပြီ။ ခံစစ်က ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဟာ ကျေနပ်စရာပါ။ ဒီလိုအနေအထားမျိုးကို ကျွန်တော် လိုချင်ခဲ့တာဖြစ်ပါတယ်။ ဖယ်လိုင်နီ ကစားနိုင်တာက ခံစစ်ကို ကြီးစွာ အထောက်အကူပြုခဲ့တာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အကျပ်အတည်းတွေ ကြုံဆုံရဦးမှာဖြစ်ပေမယ့် တစ်ဆင့်ချင်းအလိုက် ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ကျွန်တော် ရည်မှန်းထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။