News

POST TYPE

SPORTS

မက်ဆီကဲ့သို့ ကစားနိုင်စွမ်းရှိသူ အခြားတစ်ယောက်မရှိဟု ရော်နယ်ဒင်ညို မှတ်ချက်ပေး
03-Sep-2018


ဘာစီလိုနာ၊ စက်တင်ဘာ ၃

ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြစ်သော ရော်နယ်ဒင်ညိုသည် လက်ရှိအချိန်တွင် ၎င်း၏ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီကဲ့သို့ ကစားနိုင်စွမ်းရှိသူဟူ၍ အခြားတစ်ယောက် မရှိနိုင်တော့ဟူ၍ မှတ်ချက်ပေးပြောကြားလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။

ရော်နယ်ဒင်ညိုသည် လက်ရှိကြံ့ခိုင်မှုအခြေအနေအရ မက်ဆီမှာ အနိမ့်ဆုံးအဖြစ် နှစ်ပေါင်း ၂၀ ခန့် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းနိုင်စွမ်း ရှိသေးသည်ဟုလည်း အမွှမ်းတင်သွားခဲ့ပြီး ဘာစီလိုနာကို မက်ဆီ စွန့်ခွာချိန်တွင် ၎င်းဝတ်ဆင်ခဲ့သော ကျောနံပါတ် ၁၀ ကိုလည်း အနားပေးလိုက်သင့်ကြောင်း ရော်နယ်ဒင်ညိုက အကြံပြုထားသေးသည်။

ရော်နယ်ဒင်ညိုသည် ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုမှာ ပြီးပြည့်စုံသော ကစားသမားတစ်ဦးဖြစ်သော်လည်း မက်ဆီနှင့် စီရော်နယ်ဒိုတို့ကို ယှဉ်လိုက်မည်ဆိုပါက ၎င်းအနေနှင့် မက်ဆီ၏ကစားဟန်ကို ပိုမိုသဘောကျမိကြောင်း အသိပေးထားကာ ဘာစီလိုနာအတွက်လည်း မက်ဆီကို ပိုင်ဆိုင်ခွင့်ရရှိသည်မှာ ကံထူးမှုတစ်ရပ်ပင်ဖြစ်ကြောင်း ရော်နယ်ဒင်ညိုက ပြောကြားထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ရော်နယ်ဒင်ညိုက “ မက်ဆီလို ကစားသမားတစ်ယောက် နောက်ထပ် ထွက်ပေါ်လာနိုင်ဖို့ဆိုတာဟာ မလွယ်ကူတော့ပါဘူး။ မက်ဆီဟာ ဘောလုံးသမိုင်းရဲ့အကောင်းဆုံးကစားသမားပါ။ မက်ဆီလုပ်ပြသလို လုပ်ပြနိုင်စွမ်းရှိသူရယ်လို့ အခြားတစ်ယောက် မရှိဘူးလို့ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ထားပါတယ်။ သူဟာ လက်ရှိခြေစွမ်းအတိုင်း နောက်ထပ် နှစ် ၂၀ လောက်အထိ ထပ်ကစားနိုင်စွမ်းရှိမယ့်သူပါ”ဟု အသိပေးသွားခဲ့သည်။