News

POST TYPE

SPORTS

မန်စီးတီး၏ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချ၍ မန်ယူကို ရွေးခဲ့ခြင်းဖြစ်ကြောင်း ဘာဘာတော့ဗ် ရှင်းပြ

မန်ချက်စတာ၊ စက်တင်ဘာ ၃

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်သည် ၎င်းအနေနှင့် မန်စီးတီးထံသို့ ပြောင်းရွှေ့ရန် အခွင့်အရေးရခဲ့သော်လည်း ယင်းအခွင့်အရေးကို ငြင်းဆန်ပယ်ချ၍ မန်ယူကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ဘာဘာတော့ဗ်သည် ၂၀၀၈ ခုနှစ် သြဂုတ်လတွင် စပါးမှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး မန်ယူထံသို့ ပြောင်းရွှေ့ရန် စီစဉ်နေချိန်တွင် မန်စီးတီးက ၎င်းကို ကြားဖြတ်ခေါ်ယူရန် ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ကြောင်း ဘာဘာတော့ဗ်က ရှင်းပြသွားခဲ့သည်။

ဘာဘာတော့ဗ်သည် မန်ယူထံတွင် ဘောလုံးရာသီ လေးရာသီကြာ ကစားသမားဘ၀ဖြတ်သန်းခဲ့ပြီး ယင်းဘောလုံးရာသီ လေးရာသီအတွင်း ၎င်းက မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၁၄၉ ပွဲ ပါဝင်ကစားပေးခွင့်ရရှိခဲ့ရာ၌ သွင်းဂိုး ၅၆ ဂိုး ရယူပေးနိုင်ခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဘာဘာတော့ဗ်က “အမှတ်မမှားဘူးဆိုရင် ရော်ဘင်ညိုကို ရီးရဲလ်မက်ဒရစ်ကနေပြီး မန်စီးတီး ၀ယ်ယူလိုက်တဲ့နေ့ပါပဲ။ ကျွန်တော့်ရဲ့အေးဂျင့်က “ဘာဘာရေ။ မင်းအတွက် သိပ်ကောင်းတဲ့ ကမ်းလှမ်းမှုတစ်ရပ် ထပ်ရောက်နေတယ်ကွ”လို့ ပြောလာခဲ့ပါတယ်။ သူတို့က မန်ယူထက်လည်း လုပ်ခလစာ အများကြီး ပိုပေးမှာနော်လို့ သူပြောပြခဲ့တာကို ကျွန်တော် မမေ့သေးပါဘူး။ ကျွန်တော်က အေးဂျင့်ဖြစ်သူကို တစ်ခွန်းတည်းပဲ ပြန်ပြောခဲ့ပါတယ်။ “ခေါက်ထားလိုက်စမ်းပါကွာ။ မန်ယူဆီကို ပြောင်းခွင့်ရဖို့အတွက် လုပ်ဖို့ရှိတာသာ ဆက်လုပ်”လို့ ကျွန်တော်က သူ့ကို ပြောခဲ့တာပါ”ဟု ပြောကြားသွားခဲ့သည်။