News

POST TYPE

SPORTS

ကောင်းကင်သို့ မော့ကြည့်မနေခဲ့ဘဲ အသင်းကစားသမားများထံမှ အကူအညီရရန်သာ မျှော်လင့်ခဲ့ကြောင်း မော်ရင်ညို ပြောကြား

မန်ချက်စတာ၊ စက်တင်ဘာ ၃

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ဘန်လေကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်းအနေနှင့် ကောင်းကင်ကို မော့ကြည့်မနေခဲ့ခြင်းကြောင့် အသင်းပရိသတ်များက ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်ကို လေယာဉ်ပျံတွင် စာတန်းချိတ်ဆွဲ၍ ဆန္ဒပြသည်ကို သတိမပြုမိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် ကောင်းကင်ကို မော့ကြည့်မည့်အစား အသင်းကစားသမားများထံမှနေ၍ အကူအညီရရန်ကိုသာ မျှော်လင့်ချက်ထားခဲ့သည်ဟုလည်း မှတ်ချက်ပေးသွားခဲ့ပြီး လက်ရှိတွင် လိုအပ်သောနိုင်ပွဲကို ရယူရန် လမ်းကြောင်းမှန်ထက်သို့ ပြန်တက်ရန် အစပြုလိုက်နိုင်ခြင်းကြောင့် လွန်စွာ ကျေနပ်ဝမ်းသာနေမိကြောင်းလည်း မော်ရင်ညိုက အသိပေးသွားခဲ့သေးသည်။

မော်ရင်ညိုသည် အသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ပင်နယ်တီလွဲချော်ခြင်းကြောင့် အပြစ်တင်စကားဆိုမည်မဟုတ်ဟုလည်း ပြောကြားထားပြီး ယင်းပင်နယ်တီကို ဟက်ထရစ်ရယူနိုင်ရန် အခွင့်အရေးရှိခဲ့သော လုကာကုကို ကန်ခွင့်မပေးဘဲ ကိုယ်တိုင်ကိုယ်ကျ ကန်သွင်းချင်ခဲ့သော ပေါ့ဂ်ဘာ၏သဘောထားကိုလည်း ၎င်းအနေနှင့် နားလည်ပေးနိုင်ပါကြောင်း မော်ရင်ညိုက မှတ်ချက်ပေးသွားခဲ့သည်။

မော်ရင်ညိုသည် ဘန်လေနှင့်ပွဲတွင် အနိုင်ရလဒ်ရယူနိုင်ခဲ့ခြင်းကို ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်အတွက်ဟု ရည်ညွှန်းသွားခဲ့ပြီး ယခုပွဲစဉ်တွင် အသင်းနိုင်ပွဲရရှိခြင်းနှင့်အတူ လုကာကု ဂိုးများသွင်းယူနိုင်ခြင်းအတွက် အထူးကျေနပ်အားရမိပါကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သည်။