News

POST TYPE

SPORTS

အက်ဒ်ဝုဒ်ဝါးဒ်ကို ဆန္ဒပြခဲ့သည့် မန်ယူပရိသတ်များ၏လုပ်ရပ်ကို ရေချယ်ရိုင်လီ ဝေဖန်
03-Sep-2018


မန်ချက်စတာ၊ စက်တင်ဘာ ၃

မန်ယူအသင်း၏သံတမန်တစ်ဦးအဖြစ်သာမက မန်ယူရုပ်သံဌာနတွင်ပါ တာဝန်ထမ်းဆောင်နေသော ရေချယ်ရိုင်လီသည် မန်ယူက ဘန်လေကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မစတင်မီတွင် အသင်းဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်ကို လေယာဉ်ပျံ၌ စာတန်းချိတ်ဆွဲ၍ ဆန္ဒပြခဲ့သော မန်ယူပရိသတ်များ၏လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

ရေချယ်ရိုင်လီသည် သူမ၏တွစ်တာလူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် မန်ယူပရိသတ်များ၏လုပ်ရပ်မှာ လွန်စွာ ရှက်ရွံ့ဖွယ်ကောင်းလှကြောင်း အပြစ်တင်စကားဆိုလိုက်ပြီး လက်ရှိအချိန်တွင် တစ်ဦးကိုတစ်ဦး ထိုးနှက်တိုက်ခိုက်ခြင်းထက် စည်းလုံးမှုဖြင့် ရှေ့သို့ ချီတက်ခြင်းကသာ သာလွန်ကောင်းမွန်မည်ဖြစ်ကြောင်း ရေချယ်ရိုင်လီက မှတ်ချက်ပေးအပ်သွားခဲ့သည်။

မန်ယူအသင်းအားပေးသူများကမူ အသင်းနည်းပြကို လုံလောက်သည့် ပံ့ပိုးမှုများ မဆောင်ရွက်ပေးသည့် အသင်းဒါရိုက်တာဘုတ်အဖွဲ့နှင့် အသင်းပိုင်ရှင်များကို ဆန္ဒပြသည်မှာ မှန်ကန်သည့်လုပ်ရပ်သာဖြစ်ကြောင်း တုံပြန်ပြောကြားထားပြီး အသင်းရရှိနေသော ၀င်ငွေအရ နည်းပြ မော်ရင်ညိုကို လက်ရှိထက်ပို၍ ငွေသုံးခွင့်ပေးရမည်ဖြစ်သော်လည်း အသင်းပိုင်ရှင် ဂလေဇာမိသားစုမှာ ကိုယ်ကျိုးရှာရန်သာ ဆန္ဒရှိနေကြောင်းလည်း မန်ယူပရိသတ်များက မှတ်ချက်ပေးနေကြသည်။

မန်ယူပရိသတ်များသည် လက်ရှိတွင် အက်ဒ်ဝုဒ်ဝါးဒ်နှင့် အက်ဒ်ဝုဒ်ဝါးဒ်ကို ထောက်ခံနေသူများအား အလွန်အမင်း မုန်းတီးနေပြီဖြစ်ပြီး နည်းပြ မော်ရင်ညိုမှာ အသင်းဒါရိုက်တာဘုတ်အဖွဲ့၏ကန့်သတ်မှုများကြောင့် အခက်တွေ့နေရခြင်းဖြစ်သည်ဟု မန်ယူပရိသတ်များက ခံယူနေကြပြီဖြစ်သည်။