News

POST TYPE

SPORTS

မော်ရင်ညိုနှင့် ကွန်တီတို့ထက် ဆာရီ၏ကစားဟန်ကို ပိုမိုသဘောကျမိသည်ဟု ဟားဇတ် ချီးကျူး
02-Sep-2018


လန်ဒန်၊ စက်တင်ဘာ ၂

ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ချယ်လ်ဆီး၏ကစားဟန်မှာ နည်းပြ မော်ရင်ညိုနှင့် နည်းပြ ကွန်တီတို့ လက်ထက်ကထက် နည်းပြ ဆာရီ၏လက်ထက်တွင် ပိုမိုကောင်းမွန်လာသည်ဟု ချီးကျူးစကား ပြောကြားလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။

ဟားဇတ်သည် နည်းပြ ဆာရီ၏လက်ထက်တွင် တိုက်စစ်ကစားသမားများမှာ ယခင်ကထက် ဘောလုံးကိုင်၍ ကစားခွင့် ပိုမိုရရှိလာသည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ပြိုင်ဘက်ကို အဆက်မပြတ် ဖိအားပေးကစားရသည့် နည်းစနစ်ပိုင်းဆိုင်ရာကိုလည်း ၎င်းအနေနှင့် လွန်စွာ သဘောကျကြောင်း ဟားဇတ်က ပြောကြားသွားခဲ့သည်။

ဟားဇတ်သည် နည်းပြ မော်ရင်ညိုနှင့် နည်းပြ ကွန်တီတို့လက်ထက်တွင် အသင်းမှာ ခံစစ်ကို အားပြုလွန်းသည့်အတွက် ပွဲပြီးရန် နီးကပ်လာချိန်များတွင် တိုက်စစ်ကစားသမားများပင် ခံစစ်ကိုဆင်း၍ ကူညီပေးရလေ့ရှိကြောင်း အသိပေးသွားခဲ့ပြီး နည်းပြ ဆာရီလက်ထက်တွင်မူ အသင်းမှာ နောက်ဆုံးမိနစ်တိုင်သည်အထိ ပြိုင်ဘက်ကို တိုက်စစ်ဖြင့် ဖိအားပေးထားနိုင်ခြင်းကြောင့် ကစားသမားများအတွက်လည်း သက်သောင့်သက်သာဖြစ်မှုကို ခံစားရလေ့ရှိကြောင်း ဟားဇတ်က ဆက်လက် ပြောကြားသွားခဲ့သေးသည်။

ဟားဇတ်နှင့် ချယ်လ်ဆီးအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် တစ်နှစ်တည်းသာ ကျန်ရှိတော့မည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်မှုများရှိနေသော်လည်း နည်းပြ ဆာရီကမူ ၎င်းအနေနှင့် ဟားဇတ်ကို စာချုပ်သစ်ချုပ်နိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသောနည်းလမ်းအားလုံးဖြင့် ကြိုးပမ်းစည်းရုံးသွားမည်ဟု ကြုံးဝါးထားဆဲဖြစ်သည်။