News

POST TYPE

SPORTS

ပွဲထွက်ကစားခွင့် ပုံမှန်မရရှိပါက အသင်းပြောင်းရန် လီရွိုင်းဆာနေး စဉ်းစားဖွယ်ရှိ

မန်ချက်စတာ၊ စက်တင်ဘာ ၂

မန်စီးတီးတိုက်စစ်တောင်ပံကစားသမား လီရွိုင်းဆာနေးသည် နည်းပြ ဂွါဒီယိုလာလက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရသည့်အတွက် ၎င်း၏အနာဂတ်ကို ပြန်လည်သုံးသပ်မှုများ ရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ရာသီဖွင့်ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲတွင် ဆာနေးကို အရန်အဖြစ်သာ ၀င်ရောက်ကစားစေခဲ့ပြီး မန်စီးတီးက နယူးကာဆယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင်မူ ၎င်းကို အသင်းလူစာရင်းမှနေ၍ ချန်လှပ်ထားခဲ့ခြင်းကြောင့် ဆာနေးနှင့် နည်းပြ ဂွါဒီယိုလာအကြားတွင် တစ်စုံတစ်ခုသော ပြဿနာများရှိနေပြီဟု မှန်းဆချက်များလည်း ထွက်ပေါ်နေပြီဖြစ်သည်။

ဆာနေးသည် ဂျာမနီလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ယူရို ၂၀၂၀ ပြိုင်ပွဲကို ပွဲထွက်ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခွင့်ရနိုင်ရန် ဆန္ဒရှိနေပြီး ယင်းအတွက် နည်းပြ ဂွါဒီယိုလာက ၎င်းကို အခွင့်အရေး မပေးပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မန်စီးတီးကို စွန့်ခွာ၍ အသင်းပြောင်းရန် ဆာနေးက စဉ်းစားလာဖွယ်ရှိနေသည်။

နည်းပြ ဂွါဒီယိုလာသည် ၎င်းနှင့် ဆာနေးအကြားတွင် ပြဿနာတစ်စုံတရာမရှိဟု ငြင်းဆန်ထားသော်လည်း သတင်းမီဒီယာများကမူ ဂွါဒီယိုလာမှာ လေ့ကျင့်ရေးအစီအစဉ်တွင် ကြိုးစားအားထုတ်မှုပိုင်းဆိုင်ရာ လျော့ကျနေသော ဆာနေးကို ဘ၀င်မကျဖြစ်နေသည်ဟု သုံးသပ်မှုများရှိနေပြီး ဂွါဒီယိုလာကမူ အသင်းတွင် တိုက်စစ်ကစားသမား အများအပြားရှိနေသည့်အတွက် ပွဲစဉ်တစ်ပွဲချင်းအလိုက် အဆင်ပြေမည့်သူကိုသာ ရွေးချယ်၍ ပွဲထွက်ခွင့်ပေးနေခြင်းဖြစ်သည်ဟု ရှင်းပြထားသည်။