News

POST TYPE

SPORTS

မလုံခြုံသော ခံစစ်ကြောင်းကို ပြုပြင်နိုင်မှသာ တိုက်စစ်ကစားနိုင်လိမ့်မည်ဟု မော်ရင်ညို ရှင်းပြ
02-Sep-2018


မန်ချက်စတာ၊ စက်တင်ဘာ ၂

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကို တိုက်စစ်ကစားဟန်ဖြင့် အထိုင်ချလိုပါက ဦးစွာပထမပြင်ဆင်ရမည်မှာ ယိုပေါက်ဖြစ်နေသောခံစစ်ကြောင်းဖြစ်သည်ကို နားလည်ရန် လိုအပ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။

မော်ရင်ညိုသည် အသင်းတာဝန်ရှိသူများဘက်က ပိတ်သိမ်းပြီးစီးသွားခဲ့သော နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ခံစစ်ကို အင်အားဖြည့်တင်းပေးပါရန် ၎င်းတောင်းဆိုခဲ့သည်ကို လျစ်လျူရှုခဲ့ခြင်း၏အကျိုးဆက်က လက်ရှိတွင် အသင်းတွင် ရိုက်ခတ်နေခြင်းဖြစ်သည်ဟု မှတ်ချက်ပေးထားပြီး ခံစစ်ကြောင်းသာ စိတ်ချရသည့်အခြေအနေတစ်ရပ်ရှိပါက တိုက်စစ်ကစားရန် မခက်ခဲကြောင်းလည်း ၎င်းက ဆက်လက် ရှင်းပြသွားခဲ့သည်။

မော်ရင်ညိုသည် လက်ရှိဘောလုံးရာသီမှာ ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုတစ်လျှောက်၌ အခက်ခက်ခဲဆုံးသော ဘောလုံးရာသီဖြစ်လာနိုင်သည်ကို လွန်ခဲ့သည့်ဘောလုံးရာသီကတည်းကပင် ရိပ်စားသိရှိထားခဲ့သည့်အတွက် ကစားသမားများခေါ်ယူပေးပါရန် ဖိအားပေးတောင်းဆိုခဲ့ရခြင်းဖြစ်သည်ဟုလည်း ပြောကြားသွားခဲ့ပြီး ယင်းအတွက်ကြောင့်ပင် နွေဈေးကွက်ပိတ်၍ ဘောလုံးရာသီသစ်စတင်သည်နှင့် ၎င်းအတွက် အကြမ်းတမ်းဆုံးသော ဘောလုံးရာသီစပြီဟု တင်ကြိုအသိပေးခဲ့ခြင်းဖြစ်ပါကြောင်း မော်ရင်ညိုက ရှင်းပြသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကျွန်တော့်ကို တစ်ချို့က ခံစစ်ကစားသမားတွေခေါ်ယူပြီး ခံစစ်ကစားဖို့ကိုပဲ တစ်ချိန်လုံးစိတ်ကူးနေတဲ့နည်းပြလို့ ထင်မြင်ကြပါတယ်။ တကယ်က ကျွန်တော်လည်း တိုက်စစ်ကို ပီပီပြင်ပြင် ပုံဖော်ပြချင်တဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ ခံစစ်က စိတ်မချရဘဲ တိုက်စစ်ကစားလို့ မရပါဘူး။ စပါးကို သုံးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ တိုက်စစ်ကစားချင်လွန်းတဲ့အကျိုးဆက်ကို ကျွန်တော်တို့ ခံစားခဲ့ရပါတယ်။ အခုက ခံစစ်က ငါးမိနစ်လောက် အမှားလုပ်မိလိုက်ရင် ကျွန်တော်တို့ ပေးဆပ်ရမှုက အရမ်းကို ကြီးမားလွန်းနေတဲ့အခြေအနေပါ”ဟု အသိပေးသွားခဲ့သည်။