News

POST TYPE

SPORTS

အာရှအားကစားပြိုင်ပွဲတွင် တောင်ကိုရီးယား နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်၊ ဆွန်ဟောင်မင်း စစ်မှု မထမ်းရတော့
01-Sep-2018 tagged as Soccer South Korea Asian Games

 

ဂျကာတာ၊ စက်တင်ဘာ ၁

 

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသော အာရှအားကစားပြိုင်ပွဲ ဘောလုံးကစားနည်း၏နောက်ဆုံးဗိုလ်လုပွဲတွင် တောင်ကိုရီးယားအသင်းက ဂျပန်အသင်းကို အချိန်ပိုတွင် အနိုင်ရကာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်သွားနိုင်ခဲ့ကြောင်း Goalzz က ဖော်ပြထားသည်။

 

တောင်ကိုရီးယားသည် ၂၀၁၄ အာရှအားကစားပြိုင်ပွဲ ဘောလုံးအားကစားနည်း၏နောက်ဆုံးဗိုလ်လုပွဲတွင်လည်း မြောက်ကိုရီးယားကို အချိန်ပိုသွင်းဂိုးနှင့်အတူ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ယင်း ၂၀၁၄ အာရှအားကစားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ဂျပန်နှင့်ဆုံတွေ့ခဲ့ရာ၌ တောင်ကိုရီးယားက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူခဲ့ဖူးသည်။

 

တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ယခုနှစ်ဗိုလ်လုပွဲတွင် သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ ဂိုးမရှိ သရေဖြစ်နေခဲ့ပြီး အချိန်ပိုတွင် ဂိုးများသွင်းယူကာ အဆုံးသတ်တွင် တောင်ကိုရီးယားက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

 

တောင်ကိုရီးယားအတွက် ဂိုးများကို ပွဲချိန် ၉၃ မိနစ်တွင် လီဆောင်ဝူး၊ ပွဲချိန် ၁၀၁ မိနစ်တွင် ဟွမ်ဟီချန်းတို့က သွင်းယူပေးခဲ့ပြီး ဂျပန်အတွက် သိက္ခာဆယ်ချေပဂိုးကို ပွဲချိန် ၁၁၅ မိနစ်၌ အီဒါးက ရယူပေးခဲ့ခြင်းဖြစ်သည်။

 

အာရှအားကစားပြိုင်ပွဲတွင် တောင်ကိုရီးယားလက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရခဲ့သော ကစားသမားများသည် ယခုကဲ့သို့ ရွှေတံဆိပ်ဆွတ်ခူးရယူလိုက်နိုင်သည့်အတွက် နိုင်ငံ၏ပြဌာန်းဥပဒေအရ စစ်မှုထမ်းရန် လိုအပ်တော့မည်မဟုတ်ဘဲ ကင်းလွတ်ခွင့်ရသွားခဲ့ပြီဖြစ်ပြီး စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်းမှာလည်း ယင်းအကျိုးခံစားခွင့်ကို ရရှိသွားခဲ့ပြီဖြစ်သည်။

တောင်ကိုရီးယားနှင့် ဂျပန်တို့၏ဗိုလ်လုပွဲမတိုင်မီတွင် ဗီယက်နမ်နှင့် ယူအေအီးတို့က တတိယနေရာလုပွဲ ယှဉ်ပြိုင်ခဲ့ပြီး ယင်းပွဲစဉ်တွင် သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့ခြင်းကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်စေရာတွင် ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိခဲ့သည့်အတွင် အရှုံးအနိုင် အဖြေပေါ်စေရန် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြရသည်။

 

ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် ဗီယက်နမ်က ပင်နယ်တီနှစ်လုံး လွဲချော်ခဲ့သည့်အတွက် ယူအေအီးက လေးဂိုး သုံးဂိုးဖြင့် အနိုင်ရကာ တတိယကြေးတံဆိပ်ကို ရရှိသွားခဲ့သည်။