News

POST TYPE

SPORTS

ကစားသမားများကို အကာအကွယ်အပြည့်ပေးထားသည့် မော်ရင်ညို၏သတ္တိကို ဖီးလ်နဗီးလ် ချီးကျူး

မန်ချက်စတာ၊ စက်တင်ဘာ ၁

အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းကို နည်းပြအဖြစ် ဦးဆောင်နေသော မန်ယူနောက်ခံကစားသမားဟောင်း ဖီးလ်နဗီးလ်သည် ရာသီဖွင့်ပွဲစဉ်သုံးပွဲတွင် နှစ်ပွဲ အရေးနိမ့်ခဲ့ရခြင်းအတွက် အသင်းကစားသမားများကို အပြစ်မတင်ဘဲ အကာအကွယ် အပြည့်ပေးထားသည့် လက်ရှိ မန်ယူနည်းပြ မော်ရင်ညို၏သတ္တိကို ချီးကျူးစကားပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။

ဖီးလ်နဗီးလ်သည် မော်ရင်ညိုမှာ အသင်းကစားသမားများကို ဖိအားများအောင်သို့ တွန်းမထည့်သူဟု မှတ်ချက်ပေးထားပြီး ယင်းမှာ နည်းပြဖာဂူဆန်၏အသင်းကစားသမားများအပေါ်ထားရှိသည့် စိတ်ဓာတ်ကို ပြန်ပြောင်းအမှတ်ရမိစေသည်ဟုလည်း ဖီးလ်နဗီးလ်က မှတ်ချက်ပေးထားသည်။

မန်ယူသည် ၁၉၉၂-၉၃ ဘောလုံးရာသီနောက်ပိုင်းတွင် ရာသီဖွင့်ပွဲစဉ်သုံးပွဲ၌ နှစ်ပွဲရှုံးနိမ့်ရသည့်အခြေအနေကို လက်ရှိဘောလုံးရာသီတွင် တစ်ကျော့ပြန်လည် ရင်ဆိုင်လိုက်ရခြင်းဖြစ်ပြီး ဘန်လေနှင့်ပွဲတွင် မန်ယူအသင်း ထပ်မံရှုံးနိမ့်ခဲ့ပါက နည်းပြမော်ရင်ညိုမှာ ရာထူးထုတ်ပယ်ခံရတော့မည်ဟု သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

ဖီးလ်နဗီးလ်သည် မော်ရင်ညိုမှာ မန်ယူနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် အသင့်တော်ဆုံးသူဟုလည်း ပြောကြားထားပြီး အသင်းကစားသမားများအားလုံးသာ နည်းပြဖြစ်သူ၏စကားကို တသဝေမတိမ်း နားထောင်၍ စုစည်းညီညွတ်စွာ တိုက်ပွဲဝင်မည်ဆိုပါက ယခုအကျပ်အတည်းကာလကို များမကြာမီ၌ပင်လျှင် မန်ယူမှာ အတိတ်ကိစ္စရပ်တစ်ခုအဖြစ် ချန်ထားရစ်နိုင်ခဲ့လိမ့်မည်ဖြစ်ကြောင်းလည်း ဖီးလ်နဗီးလ်က အားပေးစကားဆိုထားသေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဖီးလ်နဗီးလ်က “မော်ရင်ညိုဟာ အခုအချိန်ထိ သူ့ကစားသမားတွေကို အကာအကွယ် အပြည့်ပေးထားပါတယ်။ အသင်း ဒီလိုဖြစ်နေရတာဟာ ဘယ်သူ့ကြောင့်ရယ်လို့ပြောပြီး ကစားသမားတွေကို ဖိအားအောက်ဆီ သူ တွန်းမပို့ပါဘူး။ နည်းပြဖာဂူဆန်တုန်းကလည်း ကျွန်တော်တို့ကို အဲ့ဒီလိုမျိုးပဲ ဆက်ဆံခဲ့တာပါ။ ဒါဟာ သတ္တိဗျတ္တိရှိတဲ့ နည်းပြတွေရဲ့အရည်အသွေးတစ်ရပ်ပါပဲ။ ဒီအချက်ကြောင့်ပဲ မော်ရင်ညိုဟာ မန်ယူကို ဦးဆောင်ဖို့ အသင့်တော်ဆုံးလူလို့ ကျွန်တော် ယူဆမိပါတယ်။ ဘန်လေနဲ့ပွဲမှာလည်း မော်ရင်ညိုရဲ့ဦးဆောင်မှုနဲ့အတူ အသင်းဟာ လမ်းကြောင်းမှန်ထက်ဆီ ပြန်တက်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။