News

POST TYPE

SPORTS

လိုင်စင်မရှိဘဲ ကားမောင်းခဲ့ခြင်းကြောင့် ပီကေး ထောင်ဒဏ်ကျခံရဖွယ်ရှိ
01-Sep-2018


ဘာစီလိုနာ၊ စက်တင်ဘာ ၁

ဘာစီလိုနာနောက်ခံကစားသမား ပီကေးသည် ကားမောင်းလိုင်စင်မရှိဘဲနှင့် ကားမောင်းနှင်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ခြောက်လ ကျခံရမည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။

စပိန်နိုင်ငံတွင် ပြဌာန်းထားသော ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေများအရ ကားမောင်နှင်သူတစ်ဦးသည် လိုင်စင်တွင် အနိမ့်ဆုံးအဖြစ် အမှတ် ၁၂ ရရှိထားရလိမ့်မည်ဖြစ်ပြီး အကယ်၍ လိုင်စင်တွင် ရမှတ်လုံးဝမရှိတော့ပါက ကားမောင်းခွင့် တစ်ရက်ရပ်နားကာ အမှတ်ပြန်လည်ရရှိရန်အတွက် ယာဉ်ထိန်းရဲစခန်းသို့သွားရောက်၍ စာမေးပွဲပြန်လည်ဖြေဆိုရမည်ဟု ယင်းပြဌာန်းဥပဒေတွင် ပါရှိသည်။

ယာဉ်ထိန်းရဲများသည် လွန်ခဲ့သည့်သောကြာနေ့၌ ပီကေးမောင်းနှင်လာသောကားကို ရပ်တန့်ခိုင်း၍ စာရွက်စာတမ်းအထောက်အထားများကို စစ်ဆေးခဲ့ပြီး ယင်းသို့စစ်ဆေးရာတွင် ပီကေး၏ကားမောင်းလိုင်စင်တွင် ရမှတ်လုံးဝမကျန်ရှိတော့သည်ကို တွေ့ရှိလိုက်ရ၍ ယာဉ်ထိန်းရဲက ၎င်းကို လိုင်စင်မရှိဘဲ ယာဉ်မောင်းနှင်မှုဖြင့် အမှုစွဲဆိုလိုက်ခြင်းဖြစ်သည်။

စပိန်နိုင်ငံ ဥပဒေပြဌာန်းချက်များအရ လိုင်စင်မရှိဘဲနှင့် ယာဉ်မောင်းနှင်မှုကို ထောင်ဒဏ်ခြောက်လနှင့် ဒဏ်ကြေးငွေ ပေါင် ၅၃၇၀ တို့အနက်မှ တစ်ခုကို ချမှတ်ခွင့်ရှိပြီး ပီကေးမှာ ၂၀၁၄ ခုနှစ်၌ အရှိန်လွန်ယာဉ်မောင်းနှင်သည်ကို တာဝန်ကျယာဉ်ထိန်းရဲက တားဆီးရာတွင် ရဲဖြစ်သူနှင့် အချင်းများခဲ့ခြင်းကြောင့် ဒဏ်ကြေးပေါင် ၉၄၀၀ တပ်ရိုက်အရေးယူခံခဲ့ရဖူးပြီးဖြစ်သည်။