News

POST TYPE

SPORTS

ကက်စပါရှမိုက်ကယ်ကို ဗာဒီနည်းတူ လုပ်ခလစာတိုးမြှင့်ပေး၍ လက်စတာ စာချုပ်သစ်ချုပ်ဆို
01-Sep-2018


လန်ဒန်၊ စက်တင်ဘာ ၁

လက်စတာအသင်းတာဝန်ရှိသူများသည် အသင်းပွဲထွက်ဂိုးသမား ကက်စပါရှမိုက်ကယ်ကို တိုက်စစ်မှူးဗာဒီနည်းတူ ထိပ်တန်းလုပ်ခလစာတစ်ရပ်ပေးချေ၍ ငါးနှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ကက်စပါရှမိုက်ကယ်သည် ရုရှားနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒိန်းမတ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသနိုင်ခြင်းကြောင့် ၎င်းကိုခေါ်ယူရန် ဥရောပထိပ်သီးကလပ်အသင်းအချို့က မျက်စိကျမှုများရှိလာခဲ့ပြီး ယင်းအတွက်ကြောင့်ပင် လက်စတာက စာချုပ်သစ်ဆွေးနွေးမှုကို အလျင်အမြန် အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ကက်စပါရှမိုက်ကယ်သည် စာချုပ်သစ်အရ တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၁၂၀,၀၀၀ အထိ ရရှိသွားတော့မည်ဖြစ်ပြီး ယင်းလုပ်ခလစာအရ ကက်စပါရှမိုက်ကယ်မှာ ဗာဒီနှင့်အတူ လက်စတာအသင်း၏လုပ်ခလစာအများဆုံးရ ကစားသမားအဖြစ် ပူးတွဲရပ်တည်သွားနိုင်ခဲ့ပြီဖြစ်သည်။

လက်စတာသည် ယခုချုပ်ဆိုလိုက်သော စာချုပ်သစ်အရ ကက်စပါရှမိုက်ကယ်ကို လာမည့် ၂၀၂၃ ခုနှစ်တိုင်သည်အထိ အသင်းထံတွင် ဆက်လက်ထိန်းသိမ်းသွားနိုင်တော့မည်ဖြစ်ပြီး ၎င်းတို့အနေနှင့် လက်ရှိတွင် နောက်ခံလူ မာဂွီရေးကို စာချုပ်သစ်ချုပ်ရန်လည်း ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ကြောင်း လက်စတာနည်းပြ ပူအယ်လ်က အသိပေးထားသေးသည်။