News

POST TYPE

SPORTS

ဒီပေး၏နေအိမ် ဖောက်ထွင်းခံရ၊ ယူရို ၁ ဒသမ ၅ သန်းတန်ကြေးရှိ ပစ္စည်းများကို ဖောက်ထွင်းသူများ ယူဆောင်သွား
01-Sep-2018


မာဆေး၊ စက်တင်ဘာ ၁

ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် မန်ယူတိုက်စစ်တောင်ပံကစားဟောင်း ဒီပေးသည် ၎င်းနေထိုင်သည့်နေအိမ် ဖောက်ထွင်းခံလိုက်ရပြီး ဖောက်ထွင်းသူများမှာ ယူရို ၁ ဒသမ ၅ သန်းတန်ကြေးရှိ ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း ဒီပေးက ဖွင့်ဟပြောကြားထားသည်ဟု Daily Mail က ဖော်ပြထားသည်။

ဖောက်ထွင်းသူများသည် နိုက်စ်က လိုင်ယွန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပြင်သစ်လီဂူးပွဲစဉ် ယှဉ်ပြိုင်နေချိန်နှင့် အချိန်ကိုက်၍ ဒီပေး၏နေအိမ်ကို ဖောက်ထွင်းဝင်ရောက်သွားခဲ့ကြခြင်းဖြစ်ပြီး ဒီပေးမှာ ယင်းပွဲစဉ်တွင် လိုင်ယွန်အတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးသွားခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ကြရသည်။

မန်ယူထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသော ဒီပေးသည် လိုင်ယွန်ထံသို့ ပြောင်းရွှေ့ခဲ့အပြီးတွင် စွမ်းဆောင်ရည်ကောင်းများကို ပြန်လည်ထုတ်ဖော်ပြသလာနိုင်ခဲ့ပြီး လိုင်ယွန်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၇၃ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာတွင် ဒီပေးက အသင်းအတွက် သွင်းဂိုး ၂၈ ဂိုး၊ ဂိုးဖန်တီးမှု ၂၆ ကြိမ် ရယူပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။

ပြင်သစ်ရဲတပ်ဖွဲ့သည် ဒီပေး၏နေအိမ်ကို ဖောက်ထွင်းခဲ့သော ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်စေရန် အပူတပြင်း အားထုတ်ကြိုးပမ်းနေပြီး ဒီပေးမှာ ၎င်း၏ချမ်းသာကြွယ်ဝမှုကို လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် ကြွားလုံးထုတ်တတ်လေ့ရှိခြင်းကြောင့် ဖောက်ထွင်းသူများ၏ပစ်မှတ်ထားခြင်းကို ခံလိုက်ရဖွယ်ရှိသည်ဟု ပြင်သစ်ရဲတပ်ဖွဲ့တာဝန်ရှိသူများက သုံးသပ်ထားသည်။